လီဗာပူး V ရီးရဲလ်မက်ဒရစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် ကွင်း၊ အချိန်၊ လက်မှတ်ကိစ္စ အပါအဝင် သိကောင်းစရာများ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့ လီဗာပူးအသင်းက ရီးရဲလ်မက်ဒရစ်ကို ဧည့်ခံ ကစားရမှာဖြစ်ပါတယ်။

ပြင်သစ်မြေမှာ ကြားကွင်း ကစားမှာဖြစ်ပေမယ့် မဲခွဲမှုတွေမှာတည်းက အိမ်ရှင်အသင်းကို ကြေညာထားပြီးဖြစ်ကာ လီဗာပူးပါဝင်တဲ့ အတွဲတွေဘက်က အိမ်ရှင်မဲ ကျထားခဲ့တာပါ။ ဒါကြောင့် ဒီပွဲမှာ အိမ်ရှင်အသင်းဘက်ခြမ်းကနေ ကစားရမှာ ဖြစ်ကာ အဝတ်လဲခန်းတွေကအစ အိမ်ရှင်အဖြစ် အသုံးပြုရပါမယ်။

နောက်ဆုံး တွေ့ဆုံမှု

ကုန်ခဲ့တဲ့ ၄ နှစ်အတွင်းမှာ လီဗာပူးအသင်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၃ ကြိမ်ထိ တွေ့ဆုံထားပါတယ်။ လူတိုင်း အမှတ်အရဆုံးကတော့ ၂၀၁၈ ခုနှစ် ကိဗ်က ဗိုလ်လုပွဲဖြစ်ပြီး လီဗာပူးအသင်းဟာ နည်းပြယာဂင်ကလော့ပ်နဲ့အတူ ပထမဆုံးအကြိမ် တက်ရောက်နိုင်တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲပဲဖြစ်ပါတယ်။

အဆိုပါတုန်းက လီဗာပူးအသင်းဟာ အတောင့်တင်းဆုံး လူစာရင်းနဲ့ ယှဉ်ပြိုင်ခွင့် မရခဲ့ဘဲ ကော်တင်ညို ရာသီဝက်မှာ ထွက်ခွာသွားသလို ဗိုလ်လုပွဲမှာ ဆာလာ လက်ကျိုးတဲ့ ဒဏ်ရာရခဲ့ကာ ပွဲအပြီးမှာ အရေးနိမ့်ခဲ့တာဖြစ်တယ်။ ဒီတစ်ကြိမ်မှာ ပြန်တွေ့ချင်တယ်ဆိုတာက ဆာလာရဲ့ ဆုတောင်းဖြစ်ပါတယ်။

နှစ်သင်းဟာ ၁၉၈၁ ခုနှစ်တုန်းကလည်း ဥရောပဖလား ဗိုလ်လုပွဲအဖြစ် ပဲရစ်မှာ ထိပ်တိုက် တွေ့ခဲ့ကြဖူးပါသေးတယ်။ အဲ့နေ့တုန်းက အနိုင်ရအသင်းဟာ လီဗာပူးအသင်းဖြစ်ခဲ့ပါတယ်။

ဗိုလ်လုပွဲကို ဘယ်အချိန် ယှဉ်ပြိုင်မလဲ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတော့ မေလ ၂၈ ရက်နေမှာ ပြင်သစ်နိုင်ငံက ပြင်သစ်အမျိုးသားကွင်းကြီးမှာ ယှဉ်ပြိုင်ပါမယ်။ ကနဦးမှာ ရုရှားမှာ ကျင်းပဖို့ဖြစ်ပေမယ့် ၎င်းတို့ရဲ့ ယူကရိန်းကို ကျူးကျော်မှုကြောင့် ကွင်းပြောင်းကစားဖို့ စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။

လက်မှတ်ခွဲဝေမှုနှုန်း

ဗိုလ်လုပွဲရောက် နှစ်သင်းဟာ လက်မှတ်ခွဲတမ်း ၂၀၀၀၀ စီ အညီအမျှ ရမယ်လို သိထားရတယ်။ အခြားသော လက်မှတ် ၁၂၀၀၀ ကျော်ကိုတော့ တရားဝင် ရောင်းချပေးမှာဖြစ်ပါတယ်။ နောက်ထပ် လက်မှတ် ၁၀၀၀၀ ကိုတော့ ကိုဗစ်ကာလအတွင်း ကလပ်နှစ်သင်းအတွက် အကူအညီဖြစ်ခဲ့တဲ့ ကာလရှည် အမာခံပရိသတ်တွေအတွက် ခွဲဝေ ရောင်းချပေးမှာဖြစ်ပါတယ်။