ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ဘာစီလိုနာ နိုင်ပွဲနဲ့ နှိုင်းယှဉ်တဲ့ ယာဂင်ကလော့ပ်၊ ဝမ်းနည်းနေပေမယ့် လီဗာပူးနဲ့ ထိုက်တန်ပါကြောင်း အမ်မရီ ဝန်ခံ

လီဗာပူးဟာ Come back နိုင်ပွဲနဲ့အတူ သူတို့ရဲ့ ၁၀ ကြိမ်မြောက် ဥရောပဖလား ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့သလို Come back နဲ့ ပတ်သက်လို့ ယာဂင်ကလော့ပ်က ပြိုင်ဘက်ဟောင်း ဘာစီလိုနာနဲ့ ဆီမီးဖိုင်နယ်ပွဲကို အမှတ်ရစွာ ပြန်ပြောခဲ့ပါတယ်။

လီဗာပူးဟာ ဗီလာရီးရဲလ်ကို နှစ်ကျော့ပေါင်း ၅-၂ နဲ့ အနိုင်ရခဲ့တဲ့နောက် မေ ၂၈ မှာ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် မန်စီးတီးနဲ့ ဗိုလ်လုပွဲ ကစားရတော့မှာပါ။ လီဗာပူးအသင်းဟာ ပထမပိုင်းမှာ ၂-၀ နဲ့ ရှုံးနေခဲ့တာနဲ့အတူ ကလပ်ရဲ့ ဖလားလေးလုံး ရည်မှန်းချက် အဆုံးသတ်တော့မလို ဖြစ်ခဲ့တာပါ။

ဒုတိယပိုင်းမှာ ကလော့ပ်ဟာ ဂျိုတာအစား ဒီယက်စ်ကို ထည့်သွင်းပြီး တိုက်စစ်ပိုင်း အပြောင်းအလဲလုပ်ခဲ့ကာ ပြန်လာနိုင်ခဲ့ပါတယ်။ ဒါဟာ ဘာစီလိုနာကို ရင်ဆိုင်တုန်းက ဒုတိယအကျော့ ဒုတိယပိုင်းအတွင်း ရော်ဘတ်ဆန်နေရာ ဝိုက်နယ်ဒမ်နဲ့ လူစားလဲမှုကို ပြန်သတိရစေခဲ့ပါသေးတယ်။

လီဗာပူးဟာ ၂၀၁၉ တုန်းက ဘာစီလိုနာနဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ ပထမအကျော့ အဝေးကွင်းမှာ ၃-၀ နဲ့ ရှုံးထားရာကနေ အိမ်ကွင်းမှာ ၄-၀ နဲ့ အနိုင်ရအောင် ပြန်လာနိုင်ခဲ့တယ်။ ၂၀၁၆ ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ ဒေါ့မွန်နဲ့တုန်းကလည်း အဆုံးမှာ ၄-၃ နဲ့ အနိုင်ရခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီ့နှစ်ပွဲလုံးမှာ အိမ်ကွင်းကျမှသာ အနိုင်ရခဲ့တာဖြစ်လို့ အင်္ဂါနေ့က အဝေးကွင်း အောင်မြင်မှုဟာ ကလော့ပ်အတွက် အများကြီး အဓိပ္ပါယ်ရှိခဲ့ပါတယ်။

ကလော့ပ်က “ကျွန်တော် ဝမ်းသာပါတယ်။ ပထမဆုံးအကြိမ်လိုပဲ ခံစားရတယ်။ ချန်ပီယံလိဂ်က ကမ္ဘာ့အကောင်းဆုံး ပြိုင်ပွဲဖြစ်ပြီး ဒီပြိုင်ပွဲကို အရမ်း နှစ်သက်ပါတယ်။ ဒီမှာ ပရိသတ်တွေရဲ့ တွန်းအားပေးမှုနဲ့အတူ ဗီလာရီးရဲ လ်လုပ်ပြခဲ့တာကို ကျွန်တော် သဘောကျပါတယ်။

ပွဲက မြင်တဲ့အတိုင်းပါပဲ။ ပထမပိုင်းက ၂-၀ ကနေ ဗီလာရီးရဲလ်တို့ ၃-၀ လုပ်နိုင်ဖို့ တကမ္ဘာလုံးက ထင်မှတ်ထားခဲ့ကြတာပါ။ ဒါပေမယ့် ကျွန်တော်တို့ သူတို့ကို ပထမဆုံးအကြိမ် ဖြတ်ကျော်ပြီး နေရာလွတ်တွေ ရခဲ့တဲ့အခါ ကျွန်တော်တို့မှာ အခွင့်အရေးရှိတယ်ဆိုတာ သိလိုက်တယ်။ နှိုင်းယှဉ်ရတာ မကြိုက်ပေမယ့် ပြောရမယ်ဆိုရင် ဒါက ဘာစီလိုနာနဲ့ ပွဲတုန်းကလို ဖြစ်ခဲ့တာပါ။

ပထမပိုင်းအပြီး ကျွန်တော် သူတို့ကို ဘာပြောခဲ့လဲဆိုတော့ ပထမပိုင်းထက် ပိုကောင်းအောင် ကစားဖို့ပဲ။ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ် ရှိဖို့ပဲ လိုခဲ့တာပါ။ ဗိုလ်လုပွဲကို အနိုင်ရဖို့ တခုတည်းသော အခွင့်အရေးက ဗိုလ်လုပွဲကို ရောက်အောင်သွားဖို့ပါပဲ။

ဒီရာသီမှာ ကျွန်တော်တို့ ပွဲတွေအများကြီး ကစားခဲ့ပါတယ်။ ကျနော်တို့ ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲသုံးခု ကျန်နေပါသေးတယ်။ အခုထိမပြီးသေးပါဘူး။ ဒီဇာတ်လမ်းတွေကို ကျွန်တော် သိပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ အထိနာခဲ့တာကို လူတော်တော်များများ ပျော်နေမှာပေါ့။ ဖိုင်နယ် ၃ ခု ရောက်ဖို့က ခက်ခဲပေမယ့် ကျွန်တော်တို့ ဖြစ်မြောက်အောင် လုပ်ခဲ့ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်ဟာ ဘောလုံးရာသီ တစ်ခုအတွင်း ပြိုင်ပွဲစုံ ဗိုလ်လုပွဲကို တက်ရောက်နိုင်တဲ့ ပထမဆုံး မန်နေဂျာဖြစ်လာခဲ့တယ်။ ထိုနည်းတူ လီဗာပူးဟာ ဒီရာသီ ဘောလုံးပြက္ခဒိန်မှာရှိတဲ့ ကစားဖို့ ဖြစ်နိုင်ချေရှိတဲ့ ပွဲစဉ်အားလုံးကို ကစားရမှာ ဖြစ်ပါတယ်။ ၂၀၀၀-၂၀၀၁ တုန်းကလည်း အဲ့လို လုပ်နိုင်ခဲ့ပေမယ့် အဲ့တုန်းက ယူရိုပါလိဂ်ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဗီလာရီးရဲလ် နည်းပြ အမ်မရီက “ကျွန်တော်တို့ စွမ်းဆောင်ရည်အတွက် ပျော်လို့ရပါတယ်။ ဒါပေမယ့် ရှုံးတော့ စိတ်မကောင်းဖြစ်နေတုန်းပဲ။ လီဗာပူးက ဖိုင်နယ်ကစားရဖို့ ထိုက်တန်ပါတယ်။ ဘာလို့လဲဆိုတော့ အန်ဖီးမှာ ကျွန်တော်တို့က ဖြစ်သင့်သလောက် ကောင်းကောင်းမကစားခဲ့ဘူးလေ။ ပထမအကျောနဲ့ ဒုတိယအကျော့ကြားက ကွာခြားချက်က အဖြေဖြစ်ခဲ့တာပါပဲ”လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။