ပွဲအဖြေပြောင်းပေးတဲ့ ဒီယက်စ်၊ မတူညီတဲ့ ပွဲချိန် နှစ်ပိုင်း၊ မာနေးရဲ့ ဘလွန်းဒီအော အလားအလာနဲ့ ဗိုလ်လုပွဲကို တက်အပြီး စကားစမြည် ပြောစရာများ

အဆိုးဆုံး ပွဲချိန်တစ်ဝက်

စပိန်မြေက ပွဲချိန်ပထမပိုင်းဟာ ၂၀၂၂ ခုနှစ် အတွင်း လီဗာပူးအသင်းထံက မြင်ရတဲ့ အဆိုးရွားဆုံး အခြေအနေဖြစ်ခဲ့ပြီး ကစားအား၊ အပြေးသမားတွေကို လိုက်ထိန်းနိုင်စွမ်း၊ စိန်ခေါ်မှုလုပ်နိုင်စွမ်းနဲ့ ဘောလုံးယှဉ်လုရာတွေမှာ လုံးဝ ကျရှုံးခဲ့ပါတယ်။

နှစ်ဂိုးလုံးဟာ ဖြတ်တင်ဘောကို မတားဆီးခြင်းနဲ့ ပွဲတန်ပိုကို မထိန်းသိမ်းခြင်းတို့လို ခံစစ်အမှားတွေကြောင့် ဖြစ်ခဲ့ပါတယ်။ ရိုဘို အနေနဲ့ ဘယ်ခြမ်းက ဖြတ်တင်ဘော ဘောလုံးတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ကျရှုံးခဲ့ပြီး အဖွင့်ဂိုးမှာ ဗန်ဒိုက်က ပြိုင်ဘက်ရဲ့ ကျော်ဖြတ်ခြင်းခံခဲ့ရသလို ဒုတိယဂိုး ပေးရချိန် ထရန့်ကလည်း ကိုကယ်လင်ကို တားဆီးဖို့ ဘာမှ မလုပ်ခဲ့ပါဘူး။

သီယာဂိုရဲ့ အလွန်အကျွံ ပေးပို့မှုတွေ၊ ကီတာရဲ့ ဆိုးရွားတဲ့ ပထမထိချက်တွေ၊ တိုက်စစ်ကစားသမားတွေကြားက ဆက်သွယ်မှု မရှိတာတွေကလဲ ပြဿနာ ဖြစ်ခဲ့ပြီး ဗီလာရီးရဲလ်ရဲ့ အရှိန်ကို လျှော့ဖို့ ဘယ်သူမှ မလုပ်နိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ ကလော့ပ်ရဲ့ ဒေါသတကြီး အော်ဟစ်မှုကြောင့်လား၊ စိတ်ပျက်လက်ပျက် နှုတ်ဆိတ်နေတာကြောင့်ပဲလား မသိနိုင်ဘဲ လီဗာပူးကစားသမားတွေ အချိုးပြေပြေနဲ့ ယခင်ပုံစံကောင်းတွေ ပြန်ပြသနိုင်ခဲ့ပါတယ်။

ပြန်ရုန်းထခဲ့တဲ့ ဒုတိယပိုင်း

ကွင်းလယ်မှာ ဟန်ဒါဆန် ကစားရဖို့ မျှော်လင့်ခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်မှာ ခြေစွမ်းပြပြီး ဂိုးသွင်းခဲ့တဲ့ ကိတ်တာက ပွဲထွက်ခွင့်ရခဲ့ပါတယ်။ တိုက်စစ်မှာ ဂျိုတာ ပွဲထွက်ခွင့်ရခဲ့တာ မျှော်လင့်ထားတဲ့အတိုင်း ဆိုပေမယ့် ပေါ်တူဂီသားရဲ့ ထိရောက်မှု မရှိတဲ့ စွမ်းရည်ကြောင့် ဒုတိယပိုင်းမှာ လူစားလဲလိုက်တာကတော့ အံ့ဩစရာ မရှိပါဘူး။

ဘောလုံးအပေါ် ဖိအားပေးမှု ကင်းမဲ့ခြင်းနဲ့ ဘောလုံးပိုင်ဆိုင်မှု မထိန်းနိုင်တာတွေကြောင့် ကွင်းလယ်ပိုင်းကို တစ်ယောက်၊ နှစ်ယောက်လောက် လူစားလဲဖို့ ပရိသတ်တွေ မျှော်လင့်ခဲ့ပေမယ့် ကလော့ပ်က ဒီအတိုင်းပဲ ဆက်သွားခဲ့ပါတယ်။ ဖာဘင်ညို၊ သီယေဂိုနဲ့ နာဘီတို့ သုံးယောက်ကြား ပထမ ၄၅ မိနစ်မှာ ပေးပို့မှု ၄၂ ကြိမ်သာ လုပ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လီဗာပူးတို့ တိုးတက်လာလို့ပဲဖြစ်ဖြစ်၊ ဗီလာရီးရဲလ်က ကစားအား ကျသွားလို့ပဲဖြစ်ဖြစ် ရလဒ်က အတူတူပါပဲ။ ဘောလုံးပိုင်ဆိုင်မှုနဲ့ ထိန်းချုပ်နိုင်စွမ်း ရှိခဲ့ပြီး ခြေစွမ်းအစစ်အမှန်ကို ပြန်ရခဲ့တာဖြစ်ပါတယ်။

ဒီယက်စ်အပေါ် အငြင်းပွာရန်မလို

ကစားသမားသစ် ဖြစ်ပေမယ့် သူပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေအရ ဒီယက်စ်ဟာ ပွဲကြီးအားလုံးမှာ ပွဲထွက်ခွင့်ရသင့်နေပါတယ်။ ဒါပေမယ့် ဂျိုတာက ပြဿနာလား ဆိုပြီး မေးခွန်းထုတ်နေရမှာ မဟုတ်ပါဘူး။ သူတို့နှစ်ယောက်လုံး အတူကစားလို့ ရနိုင်ပါတယ်။ ဗီလာရီးရဲလ်ပွဲမှာ ဂျိုတာင အားနည်းချက်ဖြစ်ခဲ့တာထက် လန်းဆန်းတဲ့ ခြေထောက် လိုချိန်မှာ ဂျိုတာကို လူစားလဲခဲ့တာတင် ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်နေရာပဲဖြစ်ဖြစ် ဒီယက်စ်ကို ပွဲထွက်ခွင့်တွေ ပေးဖို့ လိုပါတယ်။ သူက လျှပ်စစ်လိုပါပဲ။ မာန်ပါတယ်၊ အားကောင်းတယ်၊ ရိုးရှင်းတယ်၊ သွင်းဂိုးရော ဖန်တီးမှုပါ လုပ်နိုင်ပါတယ်။

အကောင်းဆုံးဆု ရေပန်းစားမှုနဲ့ ဆာဒီယို

ဘလွန်းဒီအောဆုအတွက် ဘန်ဇီးမားကို ထောက်ခံနေသူတွေ အများကြီးရှိပြီး ဒီနှစ်မှ သူ့ရဲ့ စွမ်းဆောင်ရည်၊ ဂိုးမှတ်တမ်းတွေအရ ထိုက်တန်မှုရှိပါတယ်။ ဒါပေမယ့် ဒီဆုတာ တစ်ဦးချင်းမှတ်တမ်း အကောင်းဆုံးဖြစ်ဖို့ လိုသလို ဆုဖလား အောင်မြင်မှုလည်း လိုအပ်ပါတယ်။

ဘန်ဇီးမားဟာ လာလီဂါဖလားရခဲ့ပြီး ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်ပဲ ရှိပါသေးတယ်။ မာနေးကတော့ ချန်ပီယံလိဂ်အပါအဝင် ဖလား ၃လုံး ရနိုင်တဲ့အပြင် ဆီနီဂေါနဲ့ အာဖရိက နေးရှင်းဖလား အောင်မြင်ခဲ့ပြီးပါပြီ။ သူဟာ ဥရောပ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ် နှစ်ကျော့လုံးမှာလည်း ဂိုးသွင်းယူခဲ့တာပါ။

ရက်သတ္တပတ်နဲ့ နောက်ထပ် ဆုဖလားပစ်ချက် နှစ်ခု

စနေ၊ အင်္ဂါ၊ စနေ။ ဆက်တိုက်ပွဲတွေရှိနေလို့ နောက်ပွဲအတွက် ပြင်ဆင်ဖို့ကလွဲရင် အချိန်မရှိပါဘူး။ အရင်ဆုံး စပါးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ မန်စီးတီးက အားသာနေတယ်ဆိုရင်တောင်မှ ကိုယ်ကစားရတဲ့ပွဲတိုင်းကို အနိုင်ယူပြီး ဖိအားပေးဖို့ လိုပါတယ်။

စပါးကလည်း သူတို့ကိုယ်ပိုင် ရပ်တည်ချက်အဖြစ် အဆင့်လေးနေရာအတွက် တိုက်ပွဲဝင်နေရတာဖြစ်ပါတယ်။ လီဗာပူးဟာ ၅ ရာသီအတွင်း ၃ ကြိမ်မြောက် ဥရောပဖလားဖိုင်နယ် ရောက်ခဲ့တာနဲ့အတူ အောင်ပွဲခံတာတော့ ဖြစ်သင့်ပေမယ့် မနေ့ကပွဲရဲ့ အရုပ်ဆိုးတဲ့ ပထမပိုင်းခြေစွမ်းကို မေ့နိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။