ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခြင်းအတွက် မျက်ရည်ကျခဲ့တဲ့ လူးဝစ် ဒီယက်စ်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် လီဗာပူးအသင်းက ဗီလာရီးရဲလ်ကို အဝေးကွင်းမှာ ၃-၂ နဲ့ အနိုင်ရကာ နှစ်ကျော့ပေါင်း ၅-၂ ရလဒ်ဖြင့် ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။

ပထမပိုင်းမှာ လီဗာပူးအသင်းက ၂-၀ နဲ့ အရေးနိမ့်နေခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ဒီယက်စ်ရဲ့ တောက်ပမှုက ပွဲအလှည့်အပြောင်း ဖြစ်စေခဲ့တာပါ။ ဒါဟာ ၂၀၂၀ တုန်းက ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲမှာ လူစားဝင်လာပြီး သွင်းဂိုး ၂ ဂိုး သွင်းယူခဲ့တဲ့ ဝိုက်နယ်ဒမ်ကိုတောင် အမှတ်ရစေခဲ့ပါတယ်။

ဒီယက်စ်ဟာ ဘယ်ခြမ်းကနေ ဝင်ကစားခဲ့ပြီး သူ့ရဲ့ ပြင်းထန်တဲ့ ဖိအားပေးနိုင်မှု၊ တိုက်ရိုက် တိုက်စစ်ထိုးဖောက်မှုတွေနဲ့အတူ ဗီလာရီးရဲလ်ကို ဒုက္ခတွေပေးခဲ့ပြီး အသင်းဖော်တွေ ကစားကွက်ချောင်အောင် ဖန်တီးပေးခဲ့တယ်။ ဧရိယာထိပ် တစ်ဝိုက်မှာ သူ့ရဲ့ လုပ်နိုင်စွမ်းတွေက ပွဲရဲ့ အလှည့်အပြောင်း ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်လည်း ၄၅ မိနစ်ပဲ ကစားခဲ့ပေမယ့် ကိုယ်တိုင် ၁ ဂိုး သွင်းယူနိုင်တဲ့ ဒီယက်စ်ဟာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာဖြစ်တယ်။ ပွဲအပြီးမှာတော့ ကစားသမားဘဝ ပထမဆုံးသော ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခြင်းအတွက် ဒီယက်စ် မျက်ရည်ကျနေခဲ့တာကို ရုပ်သံတွေက ရိုက်ကူးနိုင်ခဲ့ကြပါတယ်။

ကိုလံဘီယာသား တိုက်စစ်သမားဟာ ဇန်နဝါရီကမှ လီဗာပူးအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၃၇.၅ သန်းနဲ့ ရောက်လာခဲ့ပြီး အသင်းအတွက် တိုက်ရိုက် အကျိုးဖြစ်သလို ဒီရာသီရဲ့ အကောင်းဆုံး လက်မှတ်ထိုးမှုအဖြစ်ပါ ချီးကျူးမှုတွေ ရရှိနေတာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ကလော့ပ်ကပဲ ” သူက ကြီးမားတဲ့ သက်ရောက်မှုတွေ လုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့်လို့ ဒီမေးခွန်းတွေကို မဖြေလိုပါဘူး ဘာလို့လဲဆိုတော့ ဂျိုတာက ပြဿနာလားဆိုပြီး ဇာတ်လမ်းတွေ လုပ်လာကြပါလိမ့်မယ်။ အဲ့တာက မမှန်ပါဘူး။ ပထမပိုင်းမှာ ကျနော်တို့အသင်းက ပြဿနာ ၁၁ နေရာလုံး ရှိနေခဲ့ပြီး ဒုတိယပိုင်းမှာ လန်းဆန်းတဲ့ ခြေထောက်တွေ လိုအပ်နေခဲ့တာတင်ပါ ” လို့ တုန့်ပြန်ခဲ့တယ်။

ပဲရစ်ကို သွားမယ်လို့ ပျော်ရွှင်စွာ အောင်ပွဲခံနေတဲ့ မာနေးနဲ့အတူ ပြုံးပျော်နေခဲ့သေးတဲ့ ဒီယက်စ်က ပွဲအပြီးမှာ လီဗာပူးအသင်း တွစ်တာကနေပြီး ‘ ကျေးဇူးတင်ပါတယ်၊ ပဲရစ်မှာ တွေ့ကြတာပေါ့’ လို့လည်း ပရိသတ်တွေကို နုတ်ဆက်စကား ပြောဆိုခဲ့သေးတာ ဖြစ်ပါတယ်။