လီဗာပူး ရှုံးနေချိန် ပျော်ရွှင်စွာ လှောင်ပြောင်တဲ့ ဂယ်ရီနဗီးကို နိုင်ပွဲရအပြီး ကာရေဂါ ဟားတိုက်

လီဗာပူးအသင်းက ဗီလာရီးရဲလ်အသင်းကို ၃-၂ နဲ့ အနိုင်ရတဲ့ပွဲမှာ ပထမပိုင်းအတွင်း ၂-၀ နဲ့ အရေးနိမ့်နေခဲ့ပြီး နှစ်ကျော့ပေါင်း ၂-၂ အနေအထားအရ ပွဲဟာ ဘာမဆို ဖြစ်သွားနိုင်တဲ့ အခြေအနေမှာ ရှိနေခဲ့ပါတယ်။

ပွဲချဉ်းကပ်မှုမှာ ဗီလာရီးရဲလ်ရဲ့ ဖောင်ဖျက် ကစားမှုက လွှမ်းမိုးမှု ကြီးမားခဲ့ပြီး အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် အဆိုးရွားဆုံး ပထမပိုင်း ဘောလုံးပေးမှုတွေကို လုပ်ခဲ့ကာ ပေးမှု ၆၆% ပဲ တိကျခဲ့တာဖြစ်တယ်။ အသင်းရဲ့ စိုးရိမ်စိတ်များစွာ ရုန်းကန်နေရမှုကြောင့်ပဲ ပထမပိုင်းအပြီး များစွာသော ပြိုင်ဘက်တွေရဲ့ လှောင်ပြောင်ခြင်း ခံခဲ့ရတယ်။

ပြိုင်ဘက်ဟောင်းကြီးဖြစ်တဲ့ ဂယ်ရီနဗီးဟာဆိုရင် ၂-၀ နဲ့ လီဗာပူးအသင်း အရေးနိမ့်နေမှုကို ကျေနပ်နေကြောင်းကို တွစ်တာကနေ ဝိုင်ခွက်ကိုင်ပြီး စပ်ဖြဲဖြဲနဲ့ လှောင်ရယ်ခဲ့တာပါ။ ဂယ်ရီနဗီးဟာ လီဗာပူးအသင်း အရေးနိမ့်နေခြင်းအတွက် ပျော်ရွှင်စွာ ဟားတိုက်နေခဲ့တာဖြစ်တယ်။

စကိုင်းစပေါ့ သုံးသပ်သူဖြစ်တဲ့ ကာရေဂါကတော့ ဒုတိယပိုင်းမှာ ဒီယက်စ်နဲ့ ဟန်ဒါဆန်ကို လူစားလဲပေးဖို့ မျှော်လင့်ကြောင်း မှတ်ချက်ပေးခဲ့တယ်။ ကာရေဂါကို နဗီးက ‘ သိပ်ကောင်းတဲ့ တောင်းဆိုမှုပဲ နည်းပြကြီး ‘ လို့ မှတ်ချက်ပေးခဲ့တယ်။ ဒုတိယပိုင်း အစမှာတော့ ကာရေဂါ မျှော်လင့်ထားသလိုပဲ ယာဂင်ကလော့ပ်က ဂျိုတာနေရာ ဒီယက်စ်နဲ့ လူစားလဲခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လီဗာပူးရဲ့ ခြေစွမ်းက ထိုးတက်လာခဲ့ပြီး ခြေပဂိုးတွေအပြင် ဦးဆောင်ဂိုးတွေပါ ပြန်လည် ရယူသွားခဲ့တာပါ။ ဖာဘင်ညိုရဲ့ သွင်းဂိုးနောက်ပိုင်း ဒီယက်စ်၊ မာနေးတို့ရဲ့ သွင်းဂိုးတွေက လီဗာပူးတို့ ပဲရစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရမယ်ဆိုတာ သေချာခဲ့တာဖြစ်တယ်။

ပွဲအပြီးမှာတော့ ဂယ်ရီနဗီးက စိတ်ဓါတ်ကျသွားတဲ့ ပုံကို တွစ်တာကနေ ထပ်တင်ခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ကာရေဂါက ” ပထမပိုင်းအပြီး မန်ချက်စတာနဲ့ မာဆေးဆိုဒ် အပြာရောင်သားတွေ သိပ်ပျော်နေကြတယ်။ သူတို့ ဒေါသထွက်တာကို မြင်ရတာ သိပ်ကောင်းတာပဲ။ လီဗာပူးအတွက် ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ် ဗိုလ်လုပွဲပါ။ ဘယ်လောက်တောင် ကောင်းတဲ့ အသင်းလဲ ” လို့ တုန့်ပြန်ခဲ့တယ်။

ပွဲအပြီးမှာ ကာရေဂါကပဲ ဂယ်ရီနဗီးရဲ့ ရုပ်ဆိုးဆိုးပုံတွေကို တင်ပြီး ဆက်တိုက် ဟားတိုက်မှုတွေကို တွစ်တာမှာ ဖော်ပြခဲ့တယ်။ လီဗာပူးအသင်းဟာ ဆိုးရွားတဲ့ ပထမပိုင်းကို ကစားခဲ့ပေမယ့် အသင်းသားတွေရဲ့ ခံနိုင်ရည်ရှိတဲ့ စိတ်ဓါတ်မာကျောမှုတွေကြောင့် ဒုတိယပိုင်းမှာ အသင်းကို ထိုးနှက်သူတွေကို ရင်ကော့ပြီး ပြန်လည် တုန့်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲနဲ့အတူ မန်နေဂျာကလော့ပ်ဟာ တစ်ရာသီအတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ၊ အက်ဖ်အေဖလား ဗိုလ်လုပွဲနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲဆိုတဲ့ ဗိုလ်လုပွဲ အားလုံးကို တက်ရောက်နိုင်တဲ့ ပထမဆုံး ပရီးမီးယားလိဂ် မန်နေဂျာဖြစ်လာခဲ့တယ်။

ဒီလအတွင်းမှာပဲ ချယ်ဆီးနဲ့ ဝင်ဘာလေမှာ အက်ဖ်အေဖလား ယှဉ်ပြိုင်ရမှာဖြစ်ကာ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့မှ တက်လာတဲ့ အသင်းနဲ့ ပဲရစ်မှာ ချန်ပီယံလိဂ်ဖလားကိုလည်း ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။