ရာသီကုန်ရင် လီဗာပူးထံက ဂုဏ်ပြုစကား ကြားရလိမ့်မယ်လို့ ယုံကြည်နေတဲ့ ဂွာဒီယိုလာ

ဒီအပတ် ပွဲစဉ်တွေကို အနိုင်ရအပြီး အမှတ်ပေးဇယားမှာ ၁ မှတ်အကွာကပဲ ဆက်ရှိနေတဲ့နောက် ဂွာဒီယိုလာက သူ့အသင်းဟာ ရာသီကုန်မှာ ချန်ပီယံဖြစ်မယ်လို့ ယုံကြည်နေပါတယ်။

လက်ကျန ၄ ပွဲလုံးကို လီဗာပူးအသင်း အနိုင်ရမှာဖြစ်ပေမယ့် သူတို့ အသင်းကလည်း အနိုင်ယူနိုင်တယ်လို့ ဂွာဒီယိုလာက မျှော်မှန်းထားတယ်။ အခွင့်အရေးက သူတို့အသင်းမှာ ရှိနေဆဲဖြစ်ကာ ချန်ပီယံဖြစ်ခဲ့ရင်တော့ လီဗာပူးထံက ဂုဏ်ပြုမှုလည်း ရမယ်လို့ ပြိုင်ဘက် နည်းပြကြီးက ထုတ်ပြောခဲ့ပါတယ်။

“ လီဗာပူးပွဲတွေ ပြီးမှ ကျနော်တို့ပွဲတွေကို ကစားရတိုင်း ဖိအားတွေက အရမ်းကြီး မများပါဘူးလို့ ကျနော် ပြောလေ့ရှိပါတယ်။ သူတို့ အရင်ကစားလည်း သူတို့ပွဲတွေ အားလုံးကို အနိုင်ရဖို့ လိုပါတယ်။ ဒါကို အချိန်အကြာကြီး ကတည်းက ကျနော်တို့ မျှော်လင့်ထားပြီးသားပါ။ ကျနော်တို့ကလည်း ကိုယ်ကစားရမယ့် ပွဲတွေ အားလုံးကို အနိုင်ရဖို့ လိုပါတယ်။

အဲ့လိုဖြစ်လာခဲ့ရင် လီဗာပူးက ကျနော်တို့ကို ဂုဏ်ပြုပေးရပါမယ်။ အကယ်လို့ အဲ့လို မဟုတ်ခဲ့ဘူးဆိုရင်တော့ ကျနော်တို့က သူတို့ကို ဂုဏ်ပြုပေးလိုက်ရုံပေါ့။ ” လို့ ဂွာဒီယိုလာက ပြောဆိုပါတယ်။

စပိန်သားကပဲ ဆက်လက်ပြီး “ ကုန်ခဲ့တဲ့ နှစ်တွေမှာ ကလပ်နှစ်သင်းက ထိပ်တိုက် ယှဉ်ပြိုင်လာခဲ့တယ်။ ပရီးမီးယားလိဂ်ကို နှစ်ကြိမ်ဆက် အနိုင်ရအောင် ကြိုးစားနိုင်တာက ဂုဏ်ယူစရာပါပဲ။ ၅ နှစ်အတွင်း ၄ ကြိမ်မြောက် ပရီးမီးယားလိဂ်ကို အနိုင်ရဖို့ ကြိုးစားတာက ဂုဏ်ယူစရာ ဖြစ်ပါလိမ့်မယ်။

လီဗာပူးက သိပ်ကောင်းတဲ့ သမိုင်းကြောင်း ရှိထားတယ်ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် ကျနော်တို့ လုပ်ခဲ့တာတွေကလည်း သိပ် အဆိုးကြီး မဟုတ်လှပါဘူး ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ လက်ကျန် ၄ ပွဲအဖြစ် စပါး၊ အက်စတွန်ဗီလာ၊ ဆောက်သမ်တန်၊ ဝုဗ်တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မန်စီးတီးကတော့ နယူးကာဆယ်၊ ဝုဗ်၊ ဝက်ဟမ်း၊ အက်စတွန်ဗီလာ တို့နဲ့ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။