ယခင်စာချုပ်ရဲ့ ၂ ဆ ပရီးမီးယားလိဂ် စံချိန်တင် စာချုပ်သစ်အတွက် ဆွေးနွေးနေပြီဖြစ်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဘောလုံးလောကရဲ့ ထိပ်တန်း ဂျာစီ စပွန်ဆာအဖြစ် ပေါင် သန်း ၈၀ တန်ကြေးရှိမယ့် စာချုပ်ကိစ္စကို စကားပြောနေပြီဖြစ်ကြောင်း ဒေးလီးမေလ်းက ဖော်ပြပါတယ်။

လီဗာပူးအသင်းရဲ့ Standard Chartered ကြား စာချုပ်ဟာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ သက်တမ်းကုန်မှာဖြစ်တယ်။ လက်ရှိ စာချုပ်ဟာ တစ်နှစ်ကို ပေါင် သန်း ၄၀ တန်ကြေးရှိပြီး လီဗာပူးအသင်းရဲ့ ကွင်းတွင်း အောင်မြင်မှုအပြင်၊ နာမည် ဂုဏ်သတင်း ကျော်ဇောမှုအရ ဗြိတိန် ဘဏ်ဘက်ကနေပြီး စာချုပ်ပါကြေး နှစ်ဆထိပေးဖို့ စဉ်းစားလာနေတာဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ ဂျာစီဟာ ပရီးမီးယားလိဂ်မှာ ရောင်းအကောင်းဆုံး ထုတ်ကုန်တစ်ခု ဖြစ်လာနေကြောင်းကို ဈေးကွက် ဒေတာစိစစ်မှုတွေအရ သိထားရတယ်။ ဒီရာသီမှာ ဂျာစီရောင်းအား ၂.၅ သန်း ရှိထားတဲ့ လီဗာပူးဟာ ဥရောပ ထိပ်တန်းကလပ်တွေထဲမှာ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်နောက် တတိယနေရာမှာ ရပ်တည်နေပါတယ်။

ဂျာစီ စပွန်ဆာက ၁ နှစ်ပဲ ကျန်တော့တာကြောင့် လီဗာပူးအသင်းဘက်က financial services တွေ၊ travel and tourism တွေ၊ လျှပ်စစ်ပစ္စည်း ကုမ္ပဏီတွေ၊ မီဒီယာလုပ်ငန်းစုတွေနဲ့ cryptocurrency အဖွဲ့တွေနဲ့အတူ ဆွေးနွေးမှုတွေ လုပ်နေခဲ့တာဖြစ်ပါတယ်။

၂၀၁၀ မှာတော့ လီဗာပူး စပွန်ဆာအဖြစ် Carlsberg နေရာမှာ Standard Chartered ပါဝင်လာခဲ့ပြီး ဂျာစီရှေ့မှာ ၎င်းအဖွဲ့နာမည်ကို ပြောင်းလဲ အသုံးပြုလာခဲ့တာပါ။ ကနဦးမှာတုန်းက တစ်နှစ်ကို ပေါင် သန်း ၂၀ ပဲ ဖြစ်ပေမယ့်လို့ ၂၀၁၈ တုန်းက နောက်ဆုံး ချုပ်ဆိုထားတဲ့ စာချုပ်မှာတော့ ပေါင် သန်း ၄၀ ထိ နှစ်ဆ တန်ကြေး တက်လာခဲ့ပါတယ်။

ယာဂင်ကလော့ပ်ကို ၄ နှစ် သက်တမ်းတိုးမှုနဲ့အတူ လီဗာပူးရဲ့ အလားအလာ ကောင်းတွေအရ မြင့်မားတဲ့ ပုံရိပ်ကောင်းတွေ ဆက်ရှိနေခြင်းနဲ့အတူ Standard Chartered ဘက်က ဆွေးနွေးမှုတွေ စတင်လိုတာဖြစ်ပြီး အခြေအနေတွေက လာမယ့်လတွေမှာ ပိုမို ထူးခြားလာဖွယ် ရှိနေပါတယ်။

လက်ရှိမှာ ယူနိုက်တက်ဟာ ဂျာစီစပွန်ဆာအဖြစ် TeamViewer နဲ့ တစ်နှစ်ကို ပေါင် ၄၇ သန်း ရနေတာဖြစ်ပြီး မန်စီးတီးကတော့ Etihad Airways ကနေ တစ်နှစ်ကို ပေါင် ၄၅ သန်း ရနေတာဖြစ်တယ်။ ၎င်းတို့ဟာ သက်ဆိုင်ရာ စပွန်ဆာတွေကို နှစ်ရှည် သဘောတူညီမှုတွေဖြင့် ချုပ်ဆိုထားတာပဲ ဖြစ်ပါတယ်။