လီဗာပူးအတွက် အရေးကြီးဆုံးက ၃မှတ်ပဲ၊ လိဒ်စ်နဲ့ မန်စီးတီးပွဲကို မကြည့်ပါဘူး ဆိုသွားတဲ့ ဂျိမ်းစ် မေနာ

လီဗာပူးအသင်းကတော့ ဒီည နယူးကာဆယ်ကို စိန့်ဂျိမ်းပါ့ခ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကာ ၁-ဝ နဲ့ အနိုင်ရခဲ့ပြီး အဖိုးတန် ၃မှတ်ပြည့် ယူသွားခဲ့ပါတယ်။ စနေည ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ လီဗာပူးက မန်စီးတီး ပွဲ မတိုင်ခင် ကစားရတာကြောင့် ပွဲအပြီးမှာ အမှတ်ပေးဇယား ပထမနေရာကို သိမ်းပိုက်ထားလိုက်ပြီး စီးတီးထက် ၂မှတ် အသာရနေပါတယ်။

ဒီပွဲအပြီး လိဒ်စ်နဲ့ မန်စီးတီး ပွဲကို ကြည့်မှာလားလို့ မေးမြန်းခံရရာမှာတော့ ဂျိမ်းစ် မေနာက မကြည့်ဘူးလို့ အခုလို တုန့်ပြန်ခဲ့ပါတယ်။

” ကျနော် မကြည့်ပါဘူး။ လိဒ်စ် ဖြစ်နေတယ် ဆိုရင်တောင်မှပေါ့လေ။ အကြောင်းတချို့ကြောင့် (အသင်းဟောင်း ဖြစ်နေလို့) ကျနေ်ာ သူတို့ ကောင်းကောင်း လုပ်နိုင်စေချင်ပါတယ်။ ဂိုးရလဒ်ကိုတော့ တချက် ကြည့်မိမှာပေါ့၊ အဲဒီလောက်ပါပဲ။ ” လို့ မေနာက ပြောကြားခဲ့ပါတယ်။

ဂျိမ်းစ်မေနာက ဒီညပွဲမှာ မာမာထန်ထန်နဲ့ အကောင်းဆုံး ပါဝင် ကစားသွားပြီး လီဗာပူးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကတော့ ကွင်းလယ်သမား ကီတာက သွင်းယူခဲ့တာပါ။ မေနာကတော့ အသင်း ၃မှတ်ပြည့် ရတာက ဒီအချိန်မှာ အရေးကြီးဆုံးပဲလို့ ထပ်ခါထပ်ခါ ဆိုသွားခဲ့ပါတယ်။

လီဗာပူးရဲ့ ဒီည အဝေးကွင်းနိုင်ပွဲနဲ့ ပတ်သတ်ပြီး မေနာက ” ဒီလို အချိန် ဒီလို အဆင့်မှာ အမှတ်ပြည့် ယူနိုင်ဖို့က အရေးကြီးဆုံး ကိစ္စပဲ။ ပွဲမှာ စွမ်းဆောင်ရည်ကလည်း ကောင်းခဲ့တယ်။ ဒီထက် ပိုပြီး ကောင်းကောင်း ထိန်းချုပ် နိုင်ခဲ့သင့်ပေမယ့် သူတို့ကလည်း အသင်းကောင်း တစ်သင်းပါ။ ဒီကွင်းကလည်း လာကစားရ ခက်ခဲတဲ့ နေရာ ဖြစ်ပြီး နေရာကောင်းလည်း ဖြစ်ပါတယ်။

ဒီကို လာကစားရတာက အမြဲ ခက်ခဲတယ်။ အရေးကြီးဆုံးက ၃ မှတ်ပြည့် ရခဲ့တာပဲ။ ဖိအားကတော့ အမြဲ ရှိနေတာပဲ။ လီဗာပူး အတွက် ကစားနေရမှာတော့ အပတ်တိုင်း နိုင်ပွဲ ယူနိုင်ဖို့ မျှော်လင့်ရတယ်။ ဖိအားကတော့ အဝတ်လဲခန်း မှာရော၊ မန်နေဂျာ ဆီကရောပဲ။ ကျနော်တို့ အမြင့်ဆုံး လယ်ဗယ်မှာ ရှိနေဖို့ သေချာအောင် လုပ်ရပါတယ်။ ဒါကြောင့်လည်း ထရိန်နင်မှာ သေချာ လုပ်ရတာပေါ့။

နယူးကာဆယ်က ကျနေ်ာတို့ကို ပြဿနာတွေ ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျနေ်ာတို့ဘက်ကလည်း လူစားလဲတာတွေ လုပ်ရတယ်။ သူတို့က ကစားသမားကောင်းတွေနဲ့ အသင်းကောင်း ဖြစ်လို့ ကျနော်တို့ အတွက် စမ်းသပ်မှုကောင်း တစ်ခု ကြုံရတာပဲ။

clean sheet နဲ့ နိုင်ပွဲကောင်းရခဲ့တာက ကျေးဇူးတင်စရာပါ။ ဒါက ကျနော်တို့ အတွက် အရေးကြီးပြီး ခံစစ်က ကောင်လေးတွေက သေချာ လုပ်ဆောင်နိုင်ခဲ့တယ်။ ” လို့ မေနာက ပြောဆိုခဲ့ပါတယ်။