နယူးကာဆယ်ကို အနိုင်ယူပြီး ဇယားထိပ်ကနေ မန်စီးတီးရလဒ်ကို စောင့်ကြည့်မယ့် လီဗာပူး

ဒီအပတ်မှာတော့ လီဗာပူးအသင်းဟာ နယူးကာဆယ်အသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ပြီး ကိတ်တာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အတူ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီ ဖြစ်ပါတယ်။

မန်နေဂျာကလောပ့်ဟာ ဆာလာ၊ သီယေဂို၊ ဖာဘင်ညို၊ ထရန့်တို့ကို အနားပေးခဲ့ကာ ခံစစ်က မာတစ်၊ ကွင်းလယ်မှာ မီလ်နာတို့ကို ထည့်သွင်းခြင်းနဲ့အတူ ပွဲထွက် လူစာရင်းကို ခင်းကျင်းလာခဲ့ပါတယ်။ ချန်ပီယံလိဂ် နှစ်ပွဲကြား ပွဲဆက်နေခြင်းမှာ အဓိက ကစားသမားတွေကို အနားပေးဖို့ အခုလို ရွေးချယ်ခဲ့တာဖြစ်တယ်။

ပွဲအစ မိနစ် အနည်းငယ်မှာတော့ နယူးကာဆယ်က သူတို့ရဲ့ ဖိအားပေး ကစားပုံနဲ့အတူ လီဗာပူးကို လွှမ်းမိုးနိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အစပိုင်း မိနစ်လောက်ကလွဲလို့ လီဗာပူးကပဲ ပွဲကို တစတစ ထိန်းချုပ်လာခဲ့ပြီး ကောင်းကောင်းကြီး ထိန်းကစားနိုင်ခဲ့ပါတယ်။

နယူးကာဆယ်ဘက်က မန်ဆီမန်လို မြန်နှုန်းမြင့် တိုက်စစ်သမားကို ဝဲလ်လော့၊ ဂျိုလင်တန်တို့နဲ့ တွဲဘက်ပေးထားခဲ့ကာ လီဗာပူးရဲ့ ခံစစ်သမားတွေကို ကျော်ဖြတ်ပြေးဖို့ ရည်ရွယ်ခဲ့ပေမယ့် ဗန်ဒိုက် ဦးဆောင်တဲ့ ခံစစ်က ပါးနပ်စွာ ကိုင်တွယ်နိုင်ခဲ့တယ်။ နောက်ပိုင်းမှာ လီဗာပူးရဲ့ ခြေထဲမှာပဲ ဘောလုံးကို အတွေ့များလာခဲ့ပြီး ထိဖောက်မှုတွေ ရှိပေမယ့် သွင်းဂိုးအဖြစ် ပြောင်းလဲဖို့ ခက်ခဲနေခဲ့ပါတယ်။

နယူးကာဆယ်တို့ ဘောလုံး ဖြန့်ဖို့ ကြိုးစားမှုကို မီလ်နာ ကြားဖြတ် ဝင်လုပြီး ပိုင်ဆိုင်မှု ပြန်ဆယ်ပေးခြင်းကနေ ဂျိုတာ၊ ကိတ်တာတို့ တွဲဘက်ခဲ့ပြီး ဧရိယာထဲမှာ ကိတ်တာ လှည့်ဖျားပြီး ဂိုးသမားကို ကျော်ဖြတ်ကာ ခံစစ်သမားတွေ ဝိုင်းအုံနေတဲ့ ဂိုးပေါက်ထဲကို ကန်သွင်း အဆုံးသတ်ခဲ့ပါတယ်။

ထပ်ပြီးလည်း အပိုင်အခွင့်အရေး မဟုတ်ပေမယ့် အခွင့်အရေးကောင်းတွေ ထပ်ရခဲ့ပြီး ဧရိယာထိပ်က မီလ်နာ ကန်သွင်းခွင့်၊ ဟန်ဒါဆန်ရဲ့ ဖြတ်တင်ဘောကို ဂျိုတာ ခေါင်းတိုက်ခွင့်တွေက ဂိုးရဖို့ နီးစပ်မှုတွေဖြစ်ခဲ့တယ်။ ပထမပိုင်းမှာ ဂျိုတာ၊ ကိတ်တာတို့ ပွဲကို ဦးဆောင်ကစားခဲ့ပြီး ခံစစ်က ဗန်ဒိုက်၊ မာတစ်တို့ကလည်း နယူးကာဆယ် တိုက်စစ်ကို အကောင်းဆုံး ဟန့်တားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ နယူးကာဆယ်က ဘောလုံးပိုင်ဆိုင်မှုကို အနည်းငယ် တိုးပြီး ရယူလာခဲ့တယ်။ လီဗာပူးဘက်က ကစားအား နည်းနည်း ကျဆင်းလာခဲ့ပြီး နယူးဘက်က ဖိအားပေးဖို့ ပိုမို ကြိုးစားလာခဲ့တယ်။ ဒါပေမယ့် လူကျွံထောင်ခြောက်ကို မကျော်နိုင်သလို ခံစစ်လိုင်းကို ကျော်ပြီး အယ်လီဆန်ကို ခြိမ်းခြောက်ဖို့ကတော့ ထင်သလောက် မလွယ်ခဲ့ပါဘူး။

ပွဲချိန် ၆၀ အကျော်မှာ မာနေးနဲ့ ဟန်ဒါဆန် အစား ဆာလာနဲ့ ဖာဘင်ညိုတို့ကို လူစားဝင်စေပါတယ်။ ဆန်ဒါးလန်း ကစားသမားဟောင်း ဟန်ဒါဆန်ကို ဒါဘီပြိုင်ဘက် နယူးကာဆယ် ပရိသတ်တွေက လူစားလဲဖို့ ထွက်ခါနီး ဘူးလုပ်ခဲ့ကြပါသေးတယ်။ ဆာလာ ကွင်းထဲ ဝင်လာလာချင်းမှာပဲ အကောင်းဆုံး တိုက်စစ်လိုက်မှု ၂ ကြိမ်လောက်ကို ချက်ခြင်း လုပ်ပြခဲ့တယ်။

နောက်ဆုံး လူစားလဲမှုအဖြစ် မီလ်နာနေရာ သီယေဂို ဝင်ကစားခဲ့ပါတယ်။
ဒီအပြောင်းအလဲတွေနောက်မှာ လီဗာပူးက ဘောလုံးပိုင်ဆိုင်မှုကို ၈၀% ထိ ရလာခဲ့ပါတယ်။ ပွဲအတွင်း အခွင့်အရေးတွေ ထပ်ရသေးပေမယ့် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက် နည်းနည်းတွေ ရှိနေခြင်းနဲ့အတူ ပထမပိုင်း ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ မီလ်နာဟာ ပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ရွေးခံရကြောင်းလည်း ကြေညာသွားခဲ့တယ်။

ဘယ်အစွန်က ရော်ဘတ်ဆန်ရဲ့ ပြင်းပြတဲ့ အားထုတ်မှု၊ ဒီယက်စ်နဲ့ ဂျိုတာတို့ရဲ့ အင်ပြည့်အားပြည့် ကစားမှုတွေဟာ ဒီပွဲမှာ ချီးကျူးလောက်စရာ တစ်ဦးချင်း အရည်အချင်းတွေဖြစ်တယ်။ ဂိုးမက်ကလည်း ညာခြမ်းကနေ အသင်းအတွက် အခွင့်အရေးကြီးတွေကို လုပ်ပေးနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ လီဗာပူးခြေစွမ်းဟာ ပြီးခဲ့တဲ့ ပွဲတွေကလို ရဲရဲတောက်နေတဲ့ အနေအထားမျိုး မဟုတ်ဘဲ နိုင်ပွဲ ယူရမယ့် ပွဲတစ်ပွဲကို ရင့်ကျက်တဲ့ စိတ်နေစိတ်ထားတွေနဲ့ ချဉ်းကပ်ခဲ့တာဖြစ်တယ်။ ဒီပွဲမှာ အနိုင်ရထားမှ မန်စီးတီးအသင်း ထူးခြား ရလဒ်တစ်ခုခု ထွက်ပေါ်တဲ့အခါ လီဗာပူးအသင်းက အခွင့်အရေး ယူနိုင်မှာ ဖြစ်ပါတယ်။

လာမယ့်ပွဲအဖြစ် လီဗာပူးအသင်းက ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ ကစားရမှာပဲ ဖြစ်ပါတယ်။