လီဗာပူးအသင်းကို အကြောက်တရား ကင်းကင်း တိုက်စစ်ဆင်မယ် ဆိုတဲ့ အတ်ဒီဟောင်

နယူးကာဆယ် မန်နေဂျာ အန်ဒီဟောင်က လီဗာပူးကို ရင်ဆိုင်ရမယ့်ပွဲမှာ သိပ်ကောင်းတဲ့ အားပေးမှုကို လုပ်ဆောင်ကြဖို့ သူ့အသင်း ပရိသတ်တွေကို နိုးဆော်လိုက်ပါတယ်။

နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ၅ ပွဲမှာ ၄ ပွဲထိ အနိုင်ရထားတဲ့ နယူးကာဆယ်ဟာ လိဂ်ရဲ့ ထိပ်ဆုံး ၁၀ သင်းထဲ ပါဝင်လာဖို့ အလားအလာ ကောင်းနေပါတယ်။ ၎င်းတို့ဟာ ၂၀၂၂ ခုနှစ်အတွင်း လီဗာပူးအသင်းပြီးရင် ရမှတ် ယူနိုင်စွမ်း အမြင့်ဆုံးနဲ့ စွမ်းဆောင်ရည် တည်ငြိမ်တဲ့ အသင်းဖြစ်နေခဲ့တာပါ။

လီဗာပူးနဲ့ပွဲမှာ သူ့အသင်း ပရိသတ်တွေကို နိုးဆော်မှုနဲ့အတူ အတ်ဒီဟောင်က ပွဲပလန်အဖြစ် တိုက်စစ်ကစားမယ်လို့ ယုံကြည်ချက်ရှိရှိ ပြောဆိုခဲ့တယ်။

အတ်ဒီဟောင်က ” လီဗာပူးနဲ့ပွဲကို အကြောက်တရား ကင်းကင်းနဲ့ ကျနော်တို့ တိုက်ခိုက်ကစားနိုင်တယ်လို့ ထင်ပါတယ်။ ကျနော်တို့ ကစားနေကျ ပွဲတစ်ပွဲအတိုင်းပဲ လီဗာပူးအသင်းကို ကစားနိုင်ဖို့ ကြိုးစားမှာပါ။

ဒီပွဲမှာ ကျနော်တို့ရဲ့ အကောင်းဆုံးတွေကို ပြသရင်ပဲ လုံလောက်တယ်ဆိုတာ နားလည်ပါတယ်။ ခံစစ်ပိုင်းမှာ ကျနော်တို့က ပြည့်စုံပေမယ့် တိုက်စစ်မှာလည်း စိန်ခေါ်နိုင်စွမ်းရှိတယ်လို့ ယူဆနေဆဲဖြစ်ပါတယ်။ ကစားသမားတွေ သူတို့ရဲ့ အကောင်းဆုံး အဆင့်မှာ ကစားနိုင်ဖို့ လိုပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်တယ်။

အန်ဒီဟောင်ကပဲ ” လီဗာပူးနဲ့ မန်စီးတီးတို့က ကျနော်တို့အတွက် အကြီးမားဆုံး စမ်းသပ်မှုတွေ ဖြစ်လာပါမယ်။ ဒီပွဲအတွက် အားပေးမှုနဲ့ ကွင်းတွင်း အခြေအနေတွေကလည်း သိပ်ကောင်းပါလိမ့်မယ်။ ပွဲစကတည်းက လျှပ်စီးထနေတဲ့ အားပေးမှုတွေ လိုအပ်ပြီး ရလဒ်လိုချင်ရင် စိတ်လှုပ်ရှားစရာတွေ လုပ်ပြနိုင်ဖို့ လိုပါတယ် ” လို့ ဆက်လက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်ဟာ လီဗာပူးအသင်းနဲ့ကော မန်စီးတီး အသင်းနဲ့ပါ ယှဉ်ပြိုင်ရဦးမှာဖြစ်ပြီး လီဗာပူးအသင်းကိုတော့ အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။