ဒရော့ဘာရဲ့ နာမည်ကျော် ချန်ပီယံလိဂ် မှတ်တမ်းကို လိုက်မီတဲ့ မာနေးကို ကလော့ပ် ချီးကျူး

ပြင်းထန်တဲ့ ဘောလုံးရာသီတစ်ခုကို ကျော်ဖြတ်နေရင်း ဗီလာရီးရဲလ်ပွဲမှာ သွင်းဂိုး ထပ်မံ ရယူမှုနဲပအတူ မာနေးဟာ နာမည်ကျော် အာဖရိက ဂန္တဝင်ကြီး ဒရော့ဘာရဲ့ ချန်ပီယံလိဂ် မှတ်တမ်းကို လိုက်မီခဲ့ပါတယ်။

ဇန်နဝါရီမှာ ဒီယက်စ် ရောက်လာတဲ့နောက် မာနေးဟာ ဘယ်ခြမ်းကနေ အထောင် တိုက်စစ်မှူး နေရာကို ပြောင်းကစားနေခဲ့တာဖြစ်တယ်။ ဖာမင်နို၊ ဂျိုတာတို့ အဓိက ကစားတဲ့ အဆိုပါ နေရာမှာ မာနေးက အံဝင်နေပြီး နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ၆ ပွဲမှာ ကိုယ်တိုင် ၆ ဂိုး သွင်းကာ ဂိုးထောက်ပံ့မှု ၁ ကြိမ် လုပ်ထားနိုင်တာ ဖြစ်ပါတယ်။

အာဖရိက ကစားသမားတွေထဲမှာ ချန်ပီယံလိဂ် ရှူံးထွက်အဆင့်တွေအတွင်း ဂိုးအများဆုံး သွင်းယူသူအဖြစ် ဒရော့ဘာဟာ ရှုံးထွက်ပွဲ ၄၆ ပွဲ မှာ သွင်းဂိုး ၁၄ ဂိုးနဲ့ စံချိန်တင်ထားတာပါ။ ဗီလာရီးရဲလ်ပွဲမှာ သွင်းဂိုး ရယူနိုင်ခဲ့တဲ့ မာနေးက ဒရော့ဘာရဲ့ ၁၄ ဂိုး စံချိန်ကို လိုက်မီခဲ့ကာ ပွဲပိုနည်းစွာနဲ့ ရှုံးထွက်ပွဲပေါင်း ၂၅ ပွဲအတွင်း ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ မာနေးအတွက် ဂုဏ်ယူစရာ မှတ်တမ်းတစ်ခုဖြစ်ပြီး အနာဂတ်မှာ ဒရော့ဘာရဲ့ စံချိန်ကို ချိုးနိုင်ဖွယ် ရှိနေသလို သူ့ရဲ့ ကစားသမားဘဝ ကုန်ဆုံးချိန်မှာ ဂန္တဝင်မှတ်တမ်းတစ်ခုကို စိုက်ထူနိုင်မှု ဖြစ်လာပါလိမ့်မယ်။

ပွဲအပြီးမှာ ကလော့ပ်က “ မာနေးက ဘယ်ခြမ်းကော၊ ကွင်းလယ်မှာပါ ကမ္ဘာအဆင့် တိုက်စစ်သမားအဖြစ် ကစားနိုင်ပါတယ်။ သူက လီဗာပူးအသင်းမှာ ညာတောင်ပံ တိုက်စစ်သမားအဖြစ် စတင် ကစားခဲ့ပြီး အာဆင်နယ်ကို ရင်ဆိုင်ချိန်သူ သွင်းခဲ့တဲ့ ဂိုးကို မှတ်မိနေပါသေးတယ်။ အသင်းအတွက် သူ့ရဲ့ ပထမဆုံး သွင်းဂိုးဖြစ်သလို အတွင်းကို ချိုးဝင်ပြီး ဘယ်ခြေနဲ့ ထောင့်နားကို ခပ်ပြင်းပြင်း ကန်သွင်းခဲ့တာပါ။

သူက သိပ်ကို ထူးချွန်တယ်။ သူ့ကို နှစ်သက်ပါတယ်။ ဒီအခြေအနေမှာ သူကို စွယ်စုံသုံးလို့ ရနေတာက သိပ်ကောင်းပါတယ်။ ဂျိုတာကို အထောင်ထား ကစားရတာ နှစ်သက်သလို ဘော်ဘီကို အလယ်မှာ သုံးရတာလည်း နှစ်သက်ပါတယ်။ ဆာဒီယိုကို ဘယ်ခြမ်းမှာ သုံးရတာကိုလည်း သဘောကျတယ်။ ခြားနားတဲ့ နည်းလမ်းတွေနဲ့ အသုံးပြုနိုင်ပါတယ်။

တခါတလေတော့ သူ့ကို အတွင်းကို ဆင်းကစားစေလိုတယ်။ ဒီနေ့မှာတော့ ခံစစ်မှူး နှစ်ယောက်ကြား ဝင်ကစားစေချင်ခဲ့တယ်။ သူတို့ကို ခွဲထုတ်ထားပြီး ကျော်ဖြတ် ပြေးစေတာမျိုးပေါ့။ ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး။ ပွဲကို ပြန်ကြည့်ရင် ဒါကို မြင်ကြမှာပါပဲ။ မာနေးက သိပ်ကို စကေးပြည့်ပါတယ်။ ဒါကြောင့်လည်း သူ လီဗာပူးမှာ ရှိနေတာပါ ” လို့ ချီးကျူးသွားတာ ဖြစ်ပါတယ်။