ဗီလာရီးရဲလ် အိမ်ကွင်းကျရင် ခံစားသွားရစေမယ်လို့ စိန်ခေါ်သွားပြန်တဲ့ နည်းပြ အမ်မရီ

ညက အန်းဖီးမှာ ကစားသွားတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်ကတော့ အိမ်ရှင် လီဗာပူးက ဗီလာရီးရဲလ် ကို ၂-ဝ နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ဖို့ အခြေအနေကောင်း ပိုင်ဆိုင်သွားပါတယ်။ နည်းပြ အမ်မရီကတော့ သူတို့ အိမ်ကွင်းမှာ လီဗာပူးကို ထိခိုက်အောင် လုပ်နိုင်တယ်လို့ ယုံကြည်ချက် ရှိနေဆဲပါ။

ဗီလာရီးရဲလ် နည်းပြ အူနိုင်း အမ်မရီကတော့ ဒုတိယအကျော့ သူတို့ အိမ်ကွင်းမှာ လာကစားရမယ့် လီဗာပူးအသင်းအား သူတို့ ပရိသတ်တွေရှေ့ကျရင် လုံးဝခြားနားသွားမယ်လို့ ကြိုတင် သတိပေးမှု ပြုလုပ်လိုက်ပါတယ်။

အမ်မရီ က ” လီဗာပူးက သူတို့ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့တယ်။ ကျနော်တို့ ပထမပိုင်း ကစားတာ ကောင်းပေမယ့် ကျနော်တို့ ကောင်တာ တိုက်စစ်တွေကို အပြည့် အသုံးမချနိုင်ခဲ့ဘူး။ ဒုတိယပိုင်းမှာ သူတို့က တွန်းအားပေး ကစားလားနိုင်ပြီး ဂိုးသွင်းတယ်။ ဂိုးတွေကလည်း ထိုက်တန်တဲ့ ဂိုးတွေပါ။

၂-ဝ ဆိုတာ သူတို့အတွက် ရလဒ်ကောင်း ဖြစ်တယ်။ ကျနော်တို့ အတွက်တော့ သိပ်မကောင်းဘူးပေါ့။ ဒါပေမယ့် ကျနော်တို့ ခံစစ်ကိုလည်း ပိုကောင်းအောင် ကြိုးစားသွားမှာ။ နောက်တစ်ပတ်မှာ ကျနော်တို့ ပရိသတ်တွေရှေ့မှာ ဆို လုံးဝ လုံးဝကို ခြားနားသွားပါလိမ့်မယ်။

ကျနော်တို့ နည်းစနစ် ပြောင်းဖို့ လိုကောင်း လိုလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ အိမ်ကွင်းမှာ လာကစားရင် ဒီညပွဲထက် သူတို့ ပို ခံစားသွားစေရမယ်။ ” လို့ ပွဲပြီး BT Sport နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

ဗီလာရီးရဲလ် ဟာ ဘိုင်ယန်မြူးနစ်ကိုလည်း များစွာ အမျက်ထွက်အောင် လုပ်ပြီးမှ စပိန်မြေမှာ ၁-ဝ နဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယအကျော့ကိုလည်း လီဗာပူးတို့ လျှော့တွက်လို့ မရတာ အမှန်ပါ။

ဒါပေမယ့် ကလော့ပ်နဲ့ လီဗာပူးအသင်းတွေဟာ mentality monsters တွေ ဖြစ်နေကြပြီး ဗိုလ်လုပွဲ တက်ဖို့ လုံလောက်တဲ့ အရည်သွေးကောင်းတွေ ရှိနေတာကို မြင်ခဲ့ကြပြီး ဖြစ်ပါတယ်။