ဗီလာရီးရဲလ်ပွဲမှ သူ့သွင်းဂိုးကို own goal အဖြစ် သတ်မှတ်ခံရခြင်းအတွက် ဟန်ဒါဆန် တုန့်ပြန်

ဗီလာရီးရဲလ်ကို အနိုင်ရတဲ့ပွဲမှာ ဟန်ဒါဆန် သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ ဗီလာရီးရဲလ် ခံစစ်သမား ပါဗစ်ရဲ့ own goal အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်က သွင်းဂိုးမှာ သူ့ရဲ့ နာမည် ပယ်ဖျက်ခံလိုက်ရတာကို သိလိုက်ရတော့ အနည်းငယ် စိတ်ပျက်ခဲ့ပြီး ဟန်ဒိုရဲ့ မျက်နှာထားကြောင့် ဘေးမှာ အင်တာဗျူး အတူဖြေနေတဲ့ ရိုဘိုက ရယ်မောနေခဲ့ပါသေးတယ်။

BT Sport သတင်းထောက် Des Kelly က ဘောလုံးက လူထိပြီး လမ်းကြောင်းပြောင်းသွားခဲ့တာလို့ ပြောချိန်မှာ ဟန်ဒါဆန်က ” ငါက တိုက်ရိုက်ဝင်သွားတယ် ထင်ခဲ့တာ” လို့ ရယ်မောပြီး ပြန်ဖြေခဲ့တယ်။ သူ့မျက်နှာကို ကြည့်ပြီး ရယ်မောနေတဲ့ ရိုဘိုကြောင့်လည်း ဟန်ဒါဆန်က ခံရခက်နေပါသေးတယ်။

ပွဲနဲ့ပတ်သက်လို့ ဟန်ဒါဆန်က ” သူတို့က အတော်လေးကို စုဖွဲ့မှုကောင်းတဲ့ အသင်းပါ။ ခက်ခဲအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို သူတို့ သိထားတယ်။ ဆက်ပြီး ကြိုးစားရင်း သူတို့ကို ချိုးဖျက်နိုင်မယ်ဆိုတာ ဆက်ပြီး ယုံကြည်နေဖို့ အရေးကြီးခဲ့ပါတယ်။ ကျနော်တို့ သွင်းဂိုး ၂ ဂိုးနဲ့ အကောင်းဆုံး လုပ်နိုင်ခဲ့တယ်။

ပထမဂိုးက နည်းနည်း ကံကောင်းပါတယ်။ ကစားကွက် တည်ဆောက်ပုံ ကောင်းမွန်ပြီး ကံကောင်းတာလည်း ပါခဲ့တယ်။ ခံစစ်သမားတွေနဲ့ ဂိုးသမားက ရှေ့ဆက်နေတယ်လို့ ထင်ခဲ့တယ်။ ဒီဂိုးက ပရိသတ်တွေကို မတင်ပေးခဲ့ပါတယ်။

ပွဲထဲမှာတော့ ကောင်တာ-ဖိအားပေး ကစားပုံက ကောင်းမွန်ခဲ့တယ်။ သူတို့ကို ခက်ခဲအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ပွဲက အသက်ဝင်နေဆဲပါ ဗီလာရီးရဲလ်မှာ သွားကစားရတာက ခက်ခဲပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးအသင်းဟာ ပွဲကြပ်တွေ ဆက်တိုက် ကစားရမှာဖြစ်ပြီး စနေနေ့ အစောဆုံး ပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါသေးတယ်။ ဒါပေမယ့် ဒီလို ပွဲကောင်းတွေ ရှိနေတာအတွက် ကြိုးစားရမှာဖြစ်တယ်လို့ ရိုဘိုက ပြောဆိုခဲ့တယ်။

ဘယ်အစွန်လူက ” ဒါက ချန်ပီယံလိဂ်ရဲ့ ဆီမီးဖိုင်နယ်ပါ။ ဒီလိုပွဲမှ မိနစ် ၉၀ အတွင်း အလှည့်အပြောင်း မလုပ်နိုင်ရင် ဘယ်အချိန်မှာ သွားလုပ်မှာလဲ။ ကုန်ခဲ့တဲ့ ပွဲတွေတည်းက ကျနော်တို့ရဲ့ အားထုတ်မှုက သိပ်ကောင်းပါတယ်။ ကျနော်တို့မှာ သိပ်ပြင်းထန်တဲ့ ပွဲစဉ်ဇယား ရှိပေမယ့် ပျော်ရွှင်ပါတယ်။ အလုပ်လုပ်ရမှာတွေ ရှိနေသေးပေမယ့် ကျနော်တို့ ပျော်နေပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။