လီဗာပူးနဲ့ မန်စီးတီးကြားက အားသာချက်နဲ့ အားနည်းချက်ကို ထောက်ပြသွားတဲ့ ကာရေဂါ

ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုက အဆုံးသတ်ထိ စောင့်ကြည့်ရမှာဖြစ်သလို ဂျေမီကာရေဂါက လီဗာပူးနဲ့ မန်စီးတီးရဲ့ အားသာချက်၊ အားနည်းချက်တွေကို အကဲဖြတ်ခဲ့ပြီး ကလပ်နှစ်သင်းကို အမှတ်လျော့စေနိုင်တဲ့ အပိုင်းတွေကို သုံးသပ်ခဲ့ပါတယ်။

လိဂ်ထိပ်ဆုံး နှစ်သင်းဟာ ပြီးခဲ့တဲ့အပတ်က ဝက်ဖို့ဒ်နဲ့ အဲဗာတန်တို့ကို အသီးသီး အနိုင်ရခဲ့ပြီးတော့ အမှတ်ပေးဇယားထိပ်မှာ တစ်မှတ်သာ ကွာဟနေတာ ဖြစ်ပါတယ်။ နှစ်သင်းက အမှတ်ပေးပွဲ ၅ ပွဲကစားဖို့ ကျန်နေပြီး လီဗာပူးရဲ့ လက်ကျန်ပွဲတွေက ပိုခက်ခဲနေသေးပေမယ့် နှစ်သင်းလုံးဟာ အခုကနေ ရာသီကုန်ကြားမှာ ခြေချော်မှုတွေ ရှိကြဦးမယ်လို့ ကာရေဂါက ယုံကြည်နေတာပါ။

ကာရေဂါက “ ကျွန်တော်တို့က အကောင်းဆုံး အသင်းနှစ်သင်း အကြောင်းကို ပြောနေတာပါ။ ပွဲရဲ့ ဧရိယာတစ်ခုမှာ သူတို့ကို ခွဲခြားလို့ မရနိုင်ပေမယ့် လက်ကျန်ပွဲစဉ်တွေအတွင်း နှစ်သင်းလုံး အမှတ်တွေ လျော့နိုင်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

တိုက်စစ်မှာ ကြီးမားတဲ့ အားသာချက်ရှိနေတဲ့ လီဗာပူး

“ လီဗာပူးက တိုက်စစ်နဲ့ တစ်ပွဲပျမ်းမျှ သွင်းဂိုးနှုန်းမှာ အနည်းငယ် ပိုသာပါတယ်။ သူတို့တွေက စုစုပေါင်း ၈၅ ဂိုး သွင်းယူခဲ့ပြီး မန်စီးတီးက ဂိုး ၈၀ သွင်းယူခဲ့တယ်။ ကျွန်တော်တို့ မန်စီးတီးမှာ တိုက်စစ်မှူး မရှိတဲ့အကြောင်း ပြောနေပေမယ့် သူတို့ရဲ့ သွင်းဂိုးတွေက အံ့ဩလောက်ပါတယ်။

ဒါပေမယ့် မန်စီးတီးရဲ့ ထိပ်တန်းဂိုးသွင်းရှင်က ၁၁ ဂိုးနဲ့ ဒီဘရိုင်းပါ။ လီဗာပူးမှာက ၂၂ ဂိုးနဲ့ ဆာလာ။ ဒါက ကြီးမားတဲ့ ကွာဟချက်ပဲ။ မန်စီးတီးက နည်းနည်းပိုပြီး ဂိုးတာဝန်ကို ခွဲဝေယူတယ်။ ဒါပေမယ့် သူတို့ရဲ့ ထိပ်တန်းဂိုးသွင်းရှင် အရေအတွက်က လီဗာပူးရဲ့ တိုက်စစ်က ပိုသာနေတယ်ဆိုတာ ပြသနေတာပါ။

မန်စီးတီးက အမှတ်တွေ လျော့ဖို့အကြောင်းက သူတို့ ဂိုးမသွင်းနိုင်တဲ့ ပွဲတွေ ရှိလာနိုင်တာပဲ။ မန်စီးတီးက အမှတ်တွေ လျော့ဖို့ဆိုရင် ဂိုးမရှိ သရေပွဲ ဖြစ်ရမယ်။ ဒါက ဒီရာသီ ကျွန်တော်တို တွေ့ခဲ့ရတဲ့ ပွဲတွေမှာ သိသာထင်ရှားခဲ့ပါတယ် ”လို့ ကာရေဂါက ဆိုပါတယ်။

မန်စီးတီးက ခံစစ်မှာ ဘာပို့ ပိုသာတာလဲ

“ လီဗာပူး အမှတ်တွေ လျော့ခဲ့တဲ့ ပွဲများစွာက ရာသီအစောပိုင်းမှာ ဖြစ်ခဲ့တာပါ။ ပြီးတော့ ဒုတိယရာသီဝက်မှာ ခံစစ်ပိုင်း အပြောင်းအလဲ ရှိခဲ့တယ်။ ဒါပေမယ့် လီဗာပူးက အမှတ်တွေ လျော့သွားပြီဆိုရင် ဂိုးမရှိ သရေမျိုး မဟုတ်ပါဘူး။ ၂-၂ သရေကျတာမျိုး ဖြစ်ပါလိမ့်မယ်။

ဒီနှစ်သင်းရဲ့ အားနည်းချက်တွေက စီးတီးမှာ တိုက်စစ်မှူး မရှိတာဖြစ်ပြီး လီဗာပူးကတော့ တိုက်စစ်အရမ်း မြှင့်တင်လွန်းခြင်းပါပဲ။ ဒါပေမယ့် တခါတလေ ဒါတွေက သူတို့ရဲ့ အားသာချက်တွေ ဖြစ်မယ် ထင်ပါတယ်။

ခံစစ် အချက်အလက်တွေက မန်စီးတီးရဲ့ အားသာချက်ကို ပြသနေတယ်။ လီဗာပူးက ဗန်ဒိုက်လို ကမ္ဘာ့အကောင်းဆုံး နောက်ခံလူရှိနေတာပဲဆိုပြီး ပြောကြလိမ့်မယ်။ ဒါပေမယ့် အသင်းလိုက်မှာ စီးတီးက ခံစစ်ပိုင်းမှာ ပိုကောင်းပါတယ်။ ဒါက တိုက်စစ်မှူး မရှိတဲ့ အသင်းအနေနဲ့ လုပ်ရမယ့်အရာ တစ်ခုပါပဲ။ ပွဲထဲမှာ ဘောလုံးကို ပိုပြီးထိန်းချုပ်နိုင်တာက လူတွေ သူတို့ကို တိုက်စစ်မဆင်နိုင်တဲ့ အကြောင်းပဲ။

ကိန်းဂဏန်း အချက်အလက်တွေက သိပ်မကွာပါဘူး။ တစ်ပွဲပျမ်းမျှ ပေးဂိုးတို့ ဘာတို့ပေါ့။ ကြီးမားတဲ့ ကွာဟချက်ရှိနေတာက ဂိုးရနိုင်ခြေ xG ပဲ။ အဲ့ဒီ့အပိုင်းမှာ လီဗာပူးက ၃ဆလောက် ပိုများပါတယ်။ clean sheet အရေအတွက် ဘာမှမကွာဘူး။ ဒါပေမယ့် ထူးခြား ချွန်ထွက်နေတဲ့အရာက မန်စီးတီးဟာ တည်ကန်ဘောတစ်ကြိမ်ကနေ တစ်ဂိုးသာ ပေးထားရပြီး လီဗာပူးက ၇ ဂိုးပေးထားရတာပါပဲ ” လို့ ရှင်းပြသွားတာ ဖြစ်ပါတယ်။