ပရီးမီးယားလိဂ်မှာ မြင်ဖူးသမျှထဲ အကောင်းဆုံး ဘယ်အစွန်လူကို ချီးကျူးသွားတဲ့ ထရန့်

လီဗာပူးညာအစွန်လူ ထရန့် အလက်ဇန္ဒား-အာနိုးက အန်ဒီ ရော်ဘတ်ဆန်ရဲ့ ခြေစွမ်းပိုင်း တည်ငြိမ်မှုဟာ သူ့ကို ပရီးမီးယားလိဂ်ရဲ့ ထာဝရအကောင်းဆုံး ဘယ်အစွန်လူတွေထဲက တစ်ယောက် ဖြစ်လာစေခဲ့တာလို့ ယုံကြည်နေပါတယ်။

တနင်္ဂနွေနေ့က အန်ဖီးမှာ ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့ရတဲ့ မာဆေးဆိုဒ်ဒါဘီမှာ အိမ်ရှင်တွေက ၂-၀ နဲ့ အနိုင်ရခဲ့သလို လီဗာပူး နံပါတ် ၂၆ ကစားသမားဟာ အဲ့ဒီ့ပွဲရဲ့ အကောင်းဆုံးကစားသမား ဖြစ်ခဲ့တာပါ။ ရိုဘိုဟာ အဆိုပါပွဲမှာ the Kop တွေရှေ့ သူ့ရဲ့ ပထမဆုံးဂိုးသွင်းယူမှုနဲ့အတူ အသင်းအတွက် အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။

အကြိမ် ၂၄၀ မြောက် ဒါဘီပွဲမှာ ရော်ဘတ်ဆန်နဲ့ ပတ်သက်ပြီး ဘာက အထင်ကြီးစရာ အကောင်းဆုံးလဲ ဆိုတာ ထရန့်က ပြောပြခဲ့ပါတယ်။

“ ပွဲထဲမှာ ကျွန်တော်တို့ ကစားခဲ့တဲ့နည်းလမ်း၊ ကျွန်တော်တို့ ယူဆောင်လာခဲ့တဲ့ အရာတွေအတွက် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကျွန်တော်တို့ နှစ်ယောက်လုံး ချီးကျူးခံခဲ့ရတယ်။ ရိုဘိုက သူရရှိခဲ့တဲ့ ချီးကျူးအားပေးမှုတိုင်းနဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်။

ကျွန်တော့်အတွက် ရိုဘိုနဲ့ ပတ်သက်ပြီး အကြီးမားဆုံးအရာက သူ့ရဲ့ စွမ်းဆောင်ရည် တည်ငြိမ်မှုပဲ။ ဒါက ဘောလုံးအားကစားမှာ အခက်ခဲဆုံး အရာပါ။ ပွဲကောင်းတစ်ပွဲကို ရနိုင်တယ်၊ ကစားသမားများစွာက ပွဲကောင်း တစ်ပွဲ၊ ၁၀ ပွဲ၊ ဒါမှမဟုတ် ရာသီကောင်းတစ်ခုကို ရရှိပါလိမ့်မယ်။

ဒါပေမယ့် အဲ့ဒီခြေစွမ်းကို ရာသီများစွာ ထိန်းသိမ်းဖို့၊ ပွဲတိုင်းအတွက် တည်ကြည်ခိုင်မာတဲ့ ကစားသမားတစ်ယောက်ဖြစ်မယ်ဆိုတာ အမြဲအာမခံနိုင်တဲ့သူဖြစ်ဖို့၊ အရမ်းခက်ခဲပါတယ်။

ကွင်းထဲက ထွက်လာပြီးချိန် ‘ရိုဘိုကတော့ ဒီနေ့ အခြေအနေ မဟန်ခဲ့ဘူး’ဆိုပြီး တွေးမိခဲ့တဲ့ ပွဲမျိုးကို စဉ်းစားလို့ကို မရဘူး။ သူက ကျွန်တော်တို့အတွက် အများကြီး လုပ်ပေးတယ်။ နေရာအစုံမှာ တည်ငြိမ်မှုရှိပြီး ဒဏ်ရာအများကြီး မရခဲ့တာကြောင့် ပွဲတွေ သိပ်မလွဲချော်ခဲ့တာကလည်း သူ့ရဲ့ အရည်အသွေးပဲ။ ပွဲတိုင်းအတွက် အမြဲ ကြံ့ခိုင်မှု ပြည့်ဝနေပြီး ရွေးချယ်ခံရဖို့ အဆင်သင့်ရှိနေဖို့ဆိုတာ မလွယ်ကူပါဘူး။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူက ထူးထူးချွန်ချွန် စွမ်းဆောင်ခဲ့ပါတယ်။ ကျွန်တော့်အမြင်အရ သူက ဒီလိဂ်မှာ မြင်ဖူးခဲ့သမျှထဲ အကောင်းဆုံး ဘယ်အစွန်လူတွေထဲက တစ်ယောက် ဖြစ်ပါလိမ့်မယ် ” လို့ ထရန့်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။