ပစ်ဖို့ဒ်ကို လက်စားချေတဲ့ အယ်လီဆန်၊ ဒီယက်စ်ရဲ့ စကေး၊ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ အဲဗာတန် နိုင်ပွဲအတွင်းက စကားစမြည် ပြောစရာများ

ပွဲထွက်လူစာရင်း အပြောင်းအလဲ

ကြားရက်မှာ ချန်ပီယံလိဂ်ရှိသေးတာရယ်၊ ပွဲဆက်တွေအရ ကြံ့ခိုင်မှုပိုင်း ထိန်းညိဖို့ လိုအပ်တာတွေရယ်ကြောင့် ဒီပွဲမှာ အပြောင်းအလဲ နှစ်ခုပဲ မြင်ရတာက နည်းတယ်လို့ ပြောလို့ရပါတယ်။ ယူနိုက်တက်ပွဲက လူစာရင်းကိုမှ ဒီယက်စ်အစား ဂျိုတာ၊ အသင်းခေါင်းဆောင် ဟန်ဒါဆန် အစား ကိတ်တာ ကစားခဲ့ပါတယ်။

အပြောင်းအလဲတွေ အလုပ်ဖြစ်လား၊ ကစားသမားတွေ ကောင်းကောင်းလုပ်လားဆိုတာကို ပုံမှန်အားဖြင့် လွယ်လွယ်ဆုံးဖြတ်လို့ရပေမယ့် အဲဗာတန်ကို ရင်ဆိုင်ချိန်မှာတော့ ပွဲရဲ့ အခြေအနေအရ ဘောလုံးကိုင်ခွင့်ရတာကလွဲရင် ၄၅ မိနစ်လုံး အိမ်မက်ဆိုးတစ်ခုဖြစ်ခဲ့ပြီး ပထမပိုင်းမှာ ဘောလုံးပေးချက်တွေ မှားပြီး အင်တိုက်အားတိုက် ကစားမှုတွေမှာ လိုအပ်ချက် ရှိခဲ့ပါတယ်။

ဒါကြောင့်ပဲ ပွဲချိန် ၁ နာရီအပြီးမှာ ကလော့ပ်ဟာ အပြောင်းအလဲတွေလုပ်ဖို့ သိပ်စောင့်မနေခဲ့ဘဲ ကစားပုံ အပြောင်းအလဲနဲ့အတူ အိုရီဂီကို ထည့်ပြီး တိုက်စစ်ကို အားထည့်ခဲ့ပါတယ်။ ပွဲချိန် တစ်နာရီ အပြီးမှာတော့ အဲ့ဒီ့အပြောင်းအလဲတွေကနေ မြန်မြန်ပဲ အကျိုးရခဲ့ပါတယ်။

လမ်းပတ်ရဲ့ ချဉ်းကပ်ပုံ

အဲဗာတန် ကစားမယ့် နည်းဗျူဟာတွေကို နားလည်ဖို့ ၂ မိနစ်လောက်သာ လိုအပ်ခဲ့ပြီး သူတို့ရဲ့ ကစားပုံကို အတည်ပြုဖို့ ၅ မိနစ်ပဲ လိုအပ်ခဲ့ပါတယ်။ သူတို့က ပြစ်ဒဏ်ကျူးလွန်မယ်၊ လီဗာပူးအသင်းသားတွေ စိတ်ပျက်အောင်လုပ်မယ်၊ ဒိုင်ဗင်ထိုးမယ်၊ အချိန်ဖြုန်းမယ်၊ သရေတစ်မှတ်ရဖို့ ဘယ်နည်းနဲ့မဆို ညစ်ပတ်မယ့်အဖွဲ့ပါ။

ဂေါ်ဒန်ရဲ့ ဒိုင်ဗင်၊ ပစ်ဖို့ဒ်ရဲ့ ဂိုးကန်ချက်တိုင်းမှာ အချိန်ယူတဲ့ စက္ကန့် ၂၀၊ ဖရီးကစ်ကန်ဖို့ ဘောလုံးငြိမ်သွားတဲ့ အချိန်တိုင်း လူတိုင်းနဲ့ စကားလိုက်များနေတဲ့ ကိုးလ်မန်း၊ ဘောလုံးကို ခေါင်းနဲ့တိုက်ရင်း ခေါင်းဒဏ်ရာရသွားတဲ့ ရစ်ချာလီဆန်။ ဒါတွေက ဆရာဟောင်း မော်ရင်ညိုရဲ လက်စွဲနည်းလမ်းတွေကိုမှ လမ်းပတ်ထုတ်သုံးလာတဲ့ ဓာတ်ပြားဟောင်းကြီးတစ်ခုပါ။

သီယာဂိုနဲ့ အနီးကပ် ယှဉ်ပြေးရင်း ရစ်ချာလီဆန် ဒဏ်ရာရသွားလို့ အဲဗာတန် အချိန်ပိုလိုချင်နေတာက ရယ်စရာကောင်းခဲ့ပါတယ်။ ဒါကပထမပိုင်းမှာ အချိန်ဖြုန်းနေတဲ့ လုပ်ရပ်တွေအားလုံးကို မရပ်တန့်ခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ အပြစ်ပါပဲ။

စိတ်ရှည်ပြီး စိတ်ဓာတ်ကြံ့ခိုင်မှု

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ပွဲကြီးတွေမှာ လီဗာပူးပြသခဲ့တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ဒီပွဲမှာ ပြန်မြင်ရပါတယ်။ အဲဗာတန်က တမင်တကာ ရန်မူလိုတဲ့ ချဉ်းကပ်ပုံရှိခဲ့တယ်။ ဒါပေမယ့် လီဗာပူးရဲ့အလုပ်က အဲ့လိုအခြေအနေတွေမှာ သူတို့ရဲ့အကွက်ထဲ မဝင်ဖို့ပါပဲ။

ကိုယ်ရဲ့ အဆင့်အတန်းကို မနှိမ့်ချဖို့၊ ကိုယ်ပိုင် ရည်မှန်းချက်တွေကနေ ယိုင်လဲမသွားဖို့၊ ကိုယ့်ရဲ့ ပိုကောင်းတဲ့ အရည်အသွေးတွေ ဖယ်ရှားခံရတာကို စိတ်မပျက်ဖို့ပါပဲ။ မိနစ် ၉၀ လုံး ပွဲကို စိတ်ရှည်ရှည် ချဉ်းကပ်ဖို့ လီဗာပူးအသင်းသားတွေ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။

စကေးပြကွက်များ

ဒီယက်စ်ဟာ အမြင့်ဘောကို ဘယ်ခြေနောက်ကနေ ညာခြေနဲ့ အသာအယာ ဖမ်းထိန်းပြခဲ့တယ်။ ဒီစကေးမျိုးကို ပီအက်စ်ဂျီတိုက်စစ်သမား နေမာ၊ အေဂျက်တိုက်စစ်သမား အန်တိုနီယိုတို့လို ဘရာဇီး ကစားသမားတွေထံကနေ မြင်ရဖူးပါတယ်။ ဒီယက်စ်ဟာ ဘောလုံးကို အသာထိန်းပြီး တိုက်စစ်ကို ခပ်မြန်မြန် ကျော်ဖြတ်ခဲ့တာက တောင်ပံသမားတစ်ယောက်ရဲ့ ထက်မြက်မှုတွေကို ပေါ်လွင်စေခဲ့တယ်။

သီယေဂိုရဲ့ ခြေထောက်နဲ့ ကိုယ်ဘာသာ သွားတိုက်ပြီး ပွဲဆူစေခဲ့တဲ့ ရစ်ချာလီဆန်ကိုတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်က လိုက်လံ ဖိအားပေးခဲ့ကာ ဘရာဇီးသား အဝါကဒ်ရသွားအောင်ပါ အနာခံပြီး ပြစ်ဒဏ်ယူခဲ့ပါတယ်။ ပစ်ဖိုဒ့်ရဲ့ အချိန်ဆွဲပြီး လှောင်ပြောင်မှုကို ဦးဆောင်ဂိုးတွေ ရနေချိန်မှာ အယ်လီဆန်က ပြန်လုပ်ပြခဲ့ပါတယ်။ အဲဗာတန် ဂိုးသမားရဲ့ မျက်နှာ သိသိသာသာ ပျက်သွားခဲ့တာကတော့ အရသာတစ်ခုပါပဲ။

မာဆေးဆိုဒ်ရဲ့ ဘုရင်ကြီး

အိုရီဂီဟာ ဒီရာသီ၊ အထူးသဖြင့် ၂၀၂၂ မှာ သိပ်ပြီး ပွဲမကစားခဲ့ရပေမယ့် အရေးပါတဲ့ နေရာကနေ ပါဝင်ပေးဖို့ သူ့ကို အားကိုးရမယ့် ပွဲတစ်ပွဲရှိတယ်ဆိုရင် အဲ့ဒါက မာဆေးဆိုဒ်ဒါဘီပါပဲ။

ပထမဂိုးအတွက် ဆာလာနဲ့အတူ ပူးပေါင်းဖန်တီးပေးခဲ့ပြီး ဒုတိယဂိုးကို ကိုယ်တိုင် ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ရွေးချယ်စရာတွေ များစွာထဲကမှ ကလော့ပ်ဟာ ပွဲချိန် မိနစ် ၆၀ မှာ အိုရီဂီကို ထည့်သွင်းခဲ့တယ်။ ဒါက နည်းစနစ်လား၊ စိတ်ဓါတ် စစ်ဆင်ရေးလား ဝေခွဲမရပေမယ့် ပစ်ဖိုဒ့် ဦးဆောင်တဲ့ ခံစစ်ကတော့ ဘယ်ဂျီယံသား ဝင်လာကတည်းက ပြာယာခတ်သွားခဲ့ပါတယ်။

ဒီနွေမှာ အသင်းကနေ ထွက်ခွာဖို့ သေချာလုနီးပါးဖြစ်နေတာကြောင့် အိုရီဂီဟာ နောက်ထပ် ကစားချိန် မရနိုင်လောက်တော့ပါဘူး။ သူက အသင်းအတွက် သူ့ရဲ့ အမွေအနှစ် ရုပ်ပုံလွှားထဲမှာ နောက်ထပ် ဆေးတွေ ထပ်ခြယ်သခဲ့ပြန်ပါပြီ။