အိုရီဂီက လီဗာပူးရဲ့ ထာဝရ ဂန္တဝင်ပါလို့ ချီးကျူးရင်း အမေ့ခံကောင်လေးတွေ အမည်ကို ထုတ်ပြောခဲ့တဲ့ ကလော့ပ်

လီဗာပူးအသင်းဟာ ညက အဲဗာတန်ကို အန်းဖီးမှာ ဧည့်ခံတဲ့ မာဆေးဆိုဒ် ဒါဘီပွဲကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပြီး ဒုတိယပိုင်း ရိုဘိုနဲ့ အိုရီဂီ တို့ သွင်းဂိုးတွေနဲ့ နိုင်ပွဲ ရခဲ့ပါတယ်။ တိုက်စစ်မှုး အိုရီဂီကတော့ မာဆေးဆိုဒ် ဒါဘီမှာ အရေးပါတဲ့ သွင်းဂိုး ထပ် သွင်းပေးလိုက်တာ ဖြစ်ပြီး လီဗာပူး ပရိသတ်တွေရဲ့ ချစ်ခြင်းကို ထပ်မံ သိမ်းပိုက်သွားပြန်ပါတယ်။

ဘယ်လ်ဂျီယံသားဟာ လီဗာပူးအတွက် အရေးပါတဲ့ အခိုက်အတန့်တွေမှာ အဆုံးအဖြတ် ဂိုးတွေ သွင်းယူပေးနေကြ ဖြစ်ပါတယ်။ အိုရီဂီရဲ့ လီဗာပူးနဲ့ အမှတ်ရစရာ အဖြစ်ဆုံးဂိုးတွေကတော့ ဘာစီလိုနာနဲ့ ပွဲက comeback နိုင်ပွဲ၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲ က သွင်းဂိုးတွေ ဖြစ်ပါတယ်။

ဒီရာသီကုန်ရင် လီဗာပူးနဲ့ စာချုပ်ကုန်ဆုံးပြီ ဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှုးကို လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကတော့ မနေ့ညက ပွဲအပြီးမှာ ထုတ်ဖော် ချီးကျူးမှုတွေ ပြုလုပ်သွားပါတယ်။ အိုရီဂီ အပြင် ပွဲထွက်မှာ အမြဲ မပါရပေမယ့် အသင်းအတွက် အသင့်ရှိနေသူတွေကိုလည်း ကလော့ပ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

” သူ ဒီကနေ ထွက်ခွာသွားရင်လည်း ရောက်လေရာ နေရာတိုင်းမှာ အရည်အချင်းတွေ ပေါက်ကွဲပြသနိုင်ပါလိမ့်မယ်။ သူက ကမ္ဘာ့အဆင့် တိုက်စစ်မှုးပါ။ သူက လီဗာပူးရဲ့ ဂန္တဝင် တစ်ယောက် ဖြစ်သလို အမြဲ ထာဝရ ဂန္တဝင် တစ်ဦး ဖြစ်နေတော့မှာပါ။

သူက ဒီအသင်း ပွဲထွက်လူစာရင်းမှာ အမြဲ ပါဝင်ရလေ့ မရှိပါဘူး၊ ဒါက သိပ်မယုံနိုင်စရာပဲ။ ဒါပေမယ့် ကျနော်တို့ လိုအပ်ပြီဟေ့ ဆိုတဲ့ အချိန်တိုင်း သူက အမြဲ အသင့်ပဲ။

ကျနေ်ာတို့ ဒီည ဒုတိယပိုင်းမှာ လုပ်ခဲ့သမျှဟာ ဒီဗော့ခ် မပါဘဲ ဘာမှ ဖြစ်မလာနိုင်ပါဘူး။ ဒီအသင်းအဖွဲ့ အသက်ဝင် လှုပ်ရှားနေတာကလည်း အမြဲ မကစားရတဲ့ ကောင်လေးတွေဟာ အသန်မာဆုံးနဲ့ အမြဲ အသင့် ရှိနေတာပါ။

ချိန်ဘာလိန်၊ အီးလီရော့၊ မီနာမီနို၊ နောက်ပြီး ရိုင်းစ် ဝီလီယံ။ သူတို့တွေ အမြဲ ပုံစံကောင်း ရှိနေကြတယ်။ သူတို့ ရှိနေလို့လည်း ကျနော်တို့ ဒီလို ကိစ္စတွေ လုပ်ဆောင်နိုင်တာပါ။ ” လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

တိုက်စစ်မှုး အိုရီဂီကတော့ ဒီရာသီ ကုန်ဆုံးရင် လီဗာပူးနဲ့ ၈ နှစ်တာ သူ့ရဲ့ ကစားသမားဘဝ တစ်ခန်းရပ်တော့မှာ ဖြစ်ပါတယ်။