အဲဗာတန်အသင်း တန်းဆင်းသွားမှာ မမြင်ချင်တဲ့ အကြောင်းရင်းကို ထုတ်ပြောခဲ့တဲ့ ကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီအပတ်မှာ ထိပ်တိုက်တွေ့နေတဲ့ အဲဗာတန်ကို ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိစေချင်တယ်လို့ ထုတ်ပြောလာပါတယ်။

မာဆေးဆိုဒ်ဒါဘီမှာ ယှဉ်ပြိုင်ကြမယ့် နှစ်သင်းထဲက လီဗာပူးအသင်းက ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ခိုက်နေပြီး အဲဗာတန်က တန်းဆင်းဇုန်ကနေ ကင်းလွှတ်ဖို့ တိုက်ခိုက်နေတာပါ။ လိဂ်ဖလားအတွက် ဒီပွဲမှာ လီဗာပူးက အနိုင် ၃ မှတ် ယူရမှာဖြစ်ပေမယ့် အဲဗာတန်တို့ ဒီရာသီ ကံကောင်းဖို့လည်း ကလော့ပ်က မျှော်လင့်နေတယ်။

အင်္ဂလန်လိဂ်ရဲ့ ရှေ့အကျဆုံး ဒါဘီတွေထဲက တစ်ခုဖြစ်တဲ့ မာဆေးဆိုဒ်ဒါဘီဟာ ဘောလုံးရာသီတိုင်းမှာ ဆက်ရှိနေသင့်တဲ့ ပွဲစဉ်အဖြစ် ကလော့ပ်က မြင်ထားပြီး ဒီတစ်ကြိမ် တွေ့ဆုံမှုမှာတော့ ဘောင်ထဲကပဲ ကစားကြဖို့ တိုက်တွန်းထားခဲ့သေးတာ ဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေက အဲဗာတန်အသင်း တန်းဆင်းသွားတာ မြင်လိုပေမယ့် ကလော့ပ်ကတော့ သူတို့ကို လိဂ်မှာ ဆက်ရှိစေချင်ကြောင်းကို အခုလို ပြောခဲ့ပါတယ်။

စကိုင်းစပေါ့ကို ကလော့ပ်က ပြောရာမှာ ‘ ဒီပွဲက အမှတ်ပေးဇယား အခြေအနေနဲ့ သက်ဆိုင်မှု မရှိပါဘူး။ ဒီပွဲက ပွဲကောင်းတစ်ပွဲပါ။ သူတို့ လိဂ်မှာ ဆက်ရှိနေဖို့ ကျနော် မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ မာဆေးဆိုဒ်ဒါဘီက ပရီးမီးယားလိဂ် ပွဲစဉ်ဇယားထဲမှာ ရှိကို ရှိနေသင့်ပါတယ် ’ လို့ ပြောခဲ့တာဖြစ်တယ်။

လီဗာပူးနဲ့ အဲဗာတန်ပွဲဟာ ပရီးမီးယားလိဂ်မှာ အကြမ်းဆုံး ဒါဘီတွေထဲက တစ်ခုအဖြစ် နာမည်ကြီးပေမယ့် ဒီဒါဘီပွဲအတွက် နောက်ထပ် နာမည်ပြောင်တစ်ခုက ‘ချစ်ကြည်ရေး ဒါဘီ’ ရယ်လို့ ဖြစ်ပါတယ်။ နှစ်သင်းပရိသတ်တွေဟာ တစ်အိမ်တည်းက မိသားစုဝင်တွေ၊ အိမ်နီးနားချင်တွေလည်း ဖြစ်ကြကာ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိကြတာဖြစ်တယ်။

နှစ်သင်းရဲ့ ကစားသမားဟောင်းတွေဟာဆိုရင် ကိုယ်အားပေးတဲ့ အသင်းထက် ဒါဘီပြိုင်ဘက်တွေအတွက် ကစားခဲ့ကြတဲ့ သမိုင်းကြောင်းတွေ ရှိထားတာဖြစ်တယ်။ ဒါပေမယ့် အဲ့သလို ရင်းနှီးမှုတွေကပဲ မာဆေးဆိုဒ်ဒါဘီကို ပိုမို ပြင်းထန်စေခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

မာတစ်ကလည်း “ ဒီပွဲက ကျနော်တို့အတွက်ကော ကလပ်အတွက်ပါ ကြီးမားတဲ့ ပွဲတစ်ပွဲဆိုတာ ကျနော်တို့ အားလုံး သိကြပါတယ်။ ကိုယ်ရဲ့ အခြေအနေကိုလည်း သိထားတယ်။ ဒီတော့ ရာနှုန်းပြည့် အာရုံစိုက်ပါမယ်။ နားနေဖို့ အချိန်မရှိဘူး။ ကျနေ်ာတို့ တိုက်ခိုက်မှာဖြစ်ပြီး အဲဗာတန်ကို အနိုင်ယူရပါမယ်။ ဒါကပဲ ဒီပွဲကို ကျနော်တို့တွေ ဘယ်လို ယှဉ်ပြိုင်မလဲ ဖြစ်ပါတယ် ” လို့ စကိုင်းစပေါ့ကို ပြောဆိုခဲ့ပါတယ်။