အရမ်းကောင်းမှန်းသိလို့ စိတ်ပါပျက်ရကြောင်း လီဗာပူးအပြောင်းအရွှေ့ ခေါ်ယူမှုကို နဗီး ချီးကျူး

ယူနိုက်တက် ညာအစွန်လူဟောင်း ဂယ်ရီနဗီးက ဇန်နဝါရီမှာ ကလော့ပ် ခေါ်ယူခဲ့ပြီး ချက်ခြင်းဆိုသလို အံ့ဝင်ခဲ့တဲ့ တိုက်စစ်သမား ဒီယက်စ်ရဲ့ သက်ရောက်မှုကို ကြည့်ရင်း စိတ်ပျက်နေခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ ကွင်းတွင်း ကွင်းပြင် အောင်မြင်မှုကို မြင်နေရချိန် အသင်းဟောင်းရဲ့ ကျဆုံးနေမှုဟာ နဗီးလို ပြိုင်ဘက်ဟောင်းတွေအတွက် နာကျင်စရာ ကိစ္စလည်းဖြစ်ပါတယ်။ ဒီရာသီ လီဗာပူးအသင်းက ဆုဖလား ၄ လုံး ပြိုင်ဆိုင်မှုအတွက် အားထုတ်နေရာမှာ ဒီယက်စ်ရဲ့ အချိန်ကောင်း တောက်ပမှုကလည်း အဓိက ကျနေခဲ့တာပါ။

“ ရိုးရိုးသားသား ပြောရရင် လုံးဝကို စိတ်ပျက်စရာပါ။ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ သူကစားတာကို ကြည့်ခဲ့တယ်။ အဲ့တာက ဒီကောင်လေး ကစားတာကို ကျနော် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပါပဲ။ အဲ့တုန်းက သူက ဘယ်ခြမ်း ကနေ ကစားတော့ ကျနော်က ညာအစွန်သမားဟောင်း အမြင်ကနေ ကြည့်ခဲ့တာပေါ့။

ဒီတော့ သူနဲ့ ပတ်သက်ပြီး ဘာကို ကြိုက်တယ်၊ ဘာကို မကြိုက်ဘူးလဲဆိုတာကို ကျနော် ကောင်းကောင်း ကြည့်ခွင့်ရခဲ့ပါတယ်။ ကျနော်က ‘အိုးမိုင်ဂေါ့ဒ်..။ ဘယ်လိုကစားသမားလဲဟ’ လို့ တွေးမိတော့တာပဲ။ သူ့ရဲ့ ဇွဲကြီးမှု၊ သူ့ရဲ့ အရည်အချင်း၊ သူ့ရဲ့ မြန်နှုန်း၊ သူ့ရဲ့ တိုက်ခိုက်မှု၊ သူ့ရဲ့ ပြေးလွှားမှု အားလုံးက ကောင်းနေတော့တာပဲ။

လီဗာပူးက ဒီယက်စ်အတွက် ပြောင်းရွှေ့ကြေးလည်း အများကြီး မပေးရပါဘူး။ သူတို့က နောက်ထပ် ကစားသမားကောင်းတစ်ဦး ထပ်ရသွားပြန်ပါပြီ ” လို့ ဂယ်ရီနဗီးက မှတ်ချက်ပေးခဲ့တာဖြစ်တယ်။

ဒီယက်စ်ကို ထည့်ပေါင်းလိုက်ရင် လီဗာပူးအသင်းက ကမ္ဘာအဆင့် တိုက်စစ်သမား ၅ ဦးထိ ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ ကလော့ပ်ဟာ သူ့အသင်းကို စိတ်ရှည်စွာ တည်ဆောက်လေ့ရှိပြီး လက်ရှိ လီဗာပူးအသင်းဟာ ထိပ်တန်းအသင်းကောင်းတွေ ပိုင်ဆိုင်တဲ့ လက္ခဏာအားလုံး ရှိထားပါကြောင်းလည်း ပြိုင်ဘက် ကစားသမားဟောင်းက မှတ်ချက်ချခဲ့တယ်။

“ လီဗာပူး လုပ်နေတာက ထိပ်တန်းအသင်းတွေ လုပ်နေတာမျိုးပါ။ သူတို့က မှန်မှန်ကန်ကန် လုပ်နိုင်စွမ်းရှိတယ်။ ဆာအဲလက်စ်လည်း ယူနိုက်တက်မှာ အဲ့လို နှစ်တွေ အကြာကြီး လုပ်ပြခဲ့တယ်။ အသင်းကောင်းတွေက ၃ နှစ်စာလောက်အတွက် တည်ဆောက်ကြတာ မဟုတ်ပါဘူး။ လီဗာပူးမှာ ကလော့ပ် လုပ်တာက ထိပ်တန်းအဆင့်တွေပါပဲ ” လို့ နဗီးက ပြောခဲ့တာပဲ ဖြစ်ပါတယ်။