ချန်ပီယံလိဂ်ပြိုင်ဘက် လီဗာပူးအသင်းကို သတိပေးစကား ပြောဆိုတဲ့ ဗီလာရီးရဲလ်ရဲ့ ပါအူတောရက်စ်

လီဗာပူးဟာ ဒီရာသီမှာ ထပ်ပြီးတော့ ချန်ပီယံလိဂ်ဖိုင်နယ် ရောက်ရှိဖို့ ရေပန်းစားတယ်လို့ ဗီလာရီးရဲလ် နောက်ခံလူ ပါအူတောရက်စ်က ယုံကြည်နေပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် အန်ဖီးမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် လီဗာပူးနဲ့ ဗီလာရီးရဲလ်တို့ ထိပ်တိုက် ရင်ဆိုင်တွေ့ကြမှာပါ။ ဆီမီးဖိုင်နယ်ကို ကျော်ဖြတ်နိုင်တဲ့ အသင်းဟာ မေ ၂၈ ရက် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် မန်စီးတီးနဲ့ ထိပ်တိုက် တွေ့ရမှာ ဖြစ်ပါတယ်။

အဝါရောင် ရေငုပ်တပ်သား ဗဟိုနောက်ခံလူ တောရက်စ်က သူ့အသင်းဟာ ဆီမီးဖိုင်နယ်မှာ အောက်အသင်းအဖြစ် သတ်မှတ်ခံထားရတယ်ဆိုတာကို နားလည်ထားပေမယ့် ပြီးခဲ့တဲ့ ရှုံးထွက်နှစ်ဆင့်မှာ လုပ်ခဲ့သလိုမျိုး အောက်အသင်း နေရာကနေ အနိုင်ယူနိုင်တယ်လို့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။

“ အခုချိန်မှာ လီဗာပူးက သိသိသာသာ ရေပန်းစားပါတယ်။ သူတို့က ပုံစံကောင်းမှာ ရှိနေတယ်။ သူတို့က အခွင့်အရေး သေးသေးလေးရရင်တောင် ဘယ်လို ချွတ်ချော်မှုကိုမဆို အသုံးချသွားနိုင်ပါတယ်။ ပြိုင်ဘက်တွေကို ကျွန်တော်တို့ နားလည်ဖို့ လိုပါတယ်။

ဒီအဆင့်မှာ လီဗာပူးအသင်းက ရေပန်းစားတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ဂျူဗီနဲ့ ဘိုင်ယန် ပွဲတွေတုန်းကလိုပဲ ကျွန်တော်တို့ဟာ အံ့အားသင့်စရာတွေ လုပ်ပြဖို့ ပြင်ဆင်သွားမှာပါ။ အဆုံးသတ်မှာ ကျွန်တော်တို့အတွက် ဆုံးရှုံးစရာ ဘာမှမရှိပါဘူး။ ကြီးကျယ်တဲ့ အရာတွေကို လုပ်ဖို့ ကျွန်တော်တို့ အရမ်း ဆာလောင်နေတယ်။

ဂျူဗီနဲ့ ဘိုင်ယန်တို့ကို ဖြုတ်ခဲ့တာကြောင့် ကျွန်တော်တို့ကို သိပ်ပြီး အံ့ဩနေကြတော့မှာ မဟုတ်ဘူး။ ဒါကြောင့် လီဗာပူးက ဘိုင်ယန်ထက်ပိုပြီး နှိမ့်ချပြီးတော့ ကျွန်တော်တို့ ဘာလုပ်နိုင်တယ်ဆိုတာကို သိပြီး ပြင်ဆင်ထားပါလိမ့်မယ် ” လို့ တောရက်စ်က ဆိုပါတယ်။

၂၀၁၆ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်တုန်းက လီဗာပူးအသင်းဟာ ဗီလာရီးရဲလ်နဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ ကလော့ပ်ရဲ့အသင်းဟာ ပထမအကျော့မှာ ၁-၀ နဲ့ ရှုံးခဲ့တာကို ဒုတိယအကျော့ အန်ဖီးမှာ ၃-၀ ကမ်းဘက်နိုင်ပွဲရခဲ့ပြီး ယူရိုပါလိဂ်ဖိုင်နယ်ကို ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အဝေးကွင်း စည်းမျဉ်း မရှိတော့ခြင်းနဲ့အတူ ဒုတိယအကျော့ မတိုင်ခင် အသာစီးယူထားဖို့ လိုအပ်မှာဖြစ်တယ်။

အူနိုင်းအမ်မရီလက်အောက် ဗီလာရီးရဲလ်ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့် ရောက်ရှိမှုဟာ ကံကောင်းပြီး မတော်တဆ ဖြစ်လာတာမျိုး မဟုတ်ပါဘူး။ အုပ်စုဒုတိယနဲ့ တက်လာပြီးနောက် ၁၆ သင်းအဆင့်မှာ ဂျူဗင်တပ်နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး စပိန်မှာ ၁ဂိုးစီ သရေကျခဲ့ပြီးနောက် ဗီလာရီးရဲလ်ဟာ တူရင်မှာ ၃-၀ နဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ့နောက် ကွာတားဖိုင်နယ်မှာ သူတို့ဟာ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံခဲ့ပြီး အမ်မရီရဲ့အသင်းဟာ အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရခဲ့ပြီး ဂျာမနီက အလိုင်းယန့်ဇ်အေရီနာမှာ ၁ ဂိုးစီ သရေကျခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို ပြိုင်ပွဲကနေ ထွက်ခွာစေခဲ့တာ ဖြစ်ပါတယ်။ ဗီလာရီးရဲလ်ရဲ့ မှတ်တမ်းတွေအရ ခဏလောက်လေး သတိလက်လွတ် ဖြစ်သွားရင်တောင် ကြီးမားတဲ့ ခြိမ်းခြောက်မှုကို ကြုံတွေ့ရမယ်ဆိုတာ လီဗာပူးအသင်းသားတွေ မမေ့ဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။