ယူနိုက်တက်ကို ရင်ဆိုင်ဖို့ဆိုတာ မလွယ်ကူဘူး လွယ်လွယ်လေး မတွေးနဲ့လို့ ဂျိုတာ သတိပေး

လီဗာပူးဟာ ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်ကစားရမှာဖြစ်သလို မန်ချက်စတာ ယူနိုက်တက်နဲ့ ကစားရမယ့်ပွဲဟာ ဘယ်လောက် အရေးပါလဲ ဆိုတာကို ဒီယိုဂို ဂျိုတာက သိထားပါတယ်။

ကလော့ပ်နဲ့ အသင်းသားတွေဟာ ဒီရာသီအတွက် ပရီးမီးယားလိဂ် လက်ကျန် ၇ ပွဲပဲ ကစားရတော့မှာဖြစ်ကာ ဖလားပြိုင်ပွဲမှာ မန်စီးတီးရဲ့နောက် တစ်မှတ်အကွာမှာ ရပ်တည်နေတာပါ။ အက်ဖ်အေဖလား ဗိုလ်လုပွဲကို ပူပူနွေးနွေး တက်ရောက်ထားတဲ့ လီဗာပူးဟာ အင်္ဂါနေ့ညမှာ သရဲနီတွေကို အန်ဖီးမှာ လက်ခံကစားဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

LFC – ယူနိုက်တက်နဲ့ နောက်ထပ် ပွဲကြီးပွဲကောင်းတစ်ပွဲအပေါ်…

Jota – ဟုတ်ပါတယ်။ နောက်ထပ် ပွဲကြီးတစ်ပွဲပါ။ ဒီလိုပွဲမျိုးက ပရိသတ်တွေအတွက် ဘယ်လို အဓိပ္ပါယ်ရှိလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော့်တို့အတွက် အရမ်း ခက်ခဲမှာပါ။ ရာသီကုန်အထိ ကျွန်တော်တို့ ရင်ဆိုင်ရမယ့် ဖိုင်နယ် ၇ ပွဲထဲက ပထမဆုံးပွဲပေါ့။ ဒါကြောင့် မလွယ်ကူပေမယ့် အနိုင်ယူဖို့ကလွဲရင် ရွေးချယ်စရာ မရှိပါဘူး။ ကျွန်တော်တို့ အကောင်းဆုံးခြေစွမ်းမှာ ရှိနေဖို့ လိုပါတယ်။

LFC – အိုးထရက်ဖို့ဒ်မှာ ၅-၀ နဲ့ နိုင်ခဲ့တဲ့ပွဲက အမှတ်တရတွေ…

Jota – အဲ့ဒါက ပရိသတ်တွေအတွက်ရော ကျွန်တော်တို့အတွက်ပါ သိပ်ကောင်းတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ့ရလဒ်ကြောင့် အာရုံထွေပြားနေလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ မန်ယူနိုက်တက်ကို ရင်ဆိုင်ရတာက ဘယ်တော့မှ လွယ်ကူမှာ မဟုတ်လို့ ဒီပွဲကို လွယ်လွယ်လေး တွေးထားလို့ မရလို့ပါ။ ကျွန်တော်တို့ အိုးထရက်ဖို့ဒ်မှာ သိပ်ကောင်းတဲ့ အလုပ်ကို လုပ်ခဲ့တယ်။ နောက်ထပ် ၃ မှတ် ရယူချင်ရင် ကျွန်တော်တို့ နောက်တဆင့်ကို မြင့်တက်ဖို့ လိုပါတယ်။

LFC – ဒီရာသီမှာ ကိုယ်တိုင် နောက်တဆင့်ကို ရောက်ရှိခဲ့တဲ့အပေါ်…

Jota – ဝုဗ်အတွက် ကစားရတဲ့ အချိန်မှာ တခြားအရာတွေအတွက် တိုက်ပွဲဝင်ရပါတယ်။ လီဗာပူးအသင်းမှာလိုမျိုး အမြဲတမ်း တိုက်စစ်မဆင်နိုင်ဘူး။ ဒီမှာက တကွင်းလုံး ကမ္ဘာ့အဆင့် ကစားသမားတွေ ရှိနေတာပါ။ နေရာမှန်ကို အချိန်ကိုက် ရောက်ဖို့က ပိုပြီး လွယ်ကူပါတယ်။ ဒါကြောင့် ကျွန်တော် အဲ့ဒီ့အားသာချက်တွေကို အသုံးချခဲ့တယ်။ မတူညီတဲ့ အခိုက်အတန့် များစွာမှာ အသင်းကို ကူညီနိုင်တဲ့အတွက် ပျော်ပါတယ်။ ဒီလိုမျိုး ဆက်လုပ်နိုင်ဖို့လည်း မျှော်လင့်ပါတယ်။