ဆောင်းပါး | လီဗာပူးပရိသတ်တွေ ဆယ်စုနှစ်ကြာ ငတ်မွတ်နေတဲ့ နည်းစနစ်ကောင်းပြီး လွှမ်းမိုးမှုရှိတဲ့ ကွင်းလယ်အတွဲ တကျော့ပြန် မြင်လာရပါပြီ

ယာဂင်ကလော့ပ်က စကားတစ်ခွန်း ပြောဖူးပါတယ်။ သူ လီဗာပူးအသင်းမှာ အသင်းနဲ့ ကိုက်ညီဖို့ စနစ်ပြောင်းကစားလာတာ ၅ ကြိမ်ထက်မနည်း ရှိခဲ့ပေမယ့် လူတွေက သတိမပြုမိကြပါဘူးတဲ့။

လူတိုင်းက လီဗာပူးအသင်းဆိုရင် ဖိအားပေး ကစားမယ်၊ ကွင်းလယ်ဖန်တီးမှု နည်းမယ်၊ တောင်ပံတွေကို အားပြုမယ်၊ အစွန်သမားတွေကို ရှေ့တက်ခွင့်ပေးမယ်။ ဒီလိုပဲ ရိုးရိုးရှင်းရှင်း တွေးကြပေမယ့် ကလော့ပ်ကတော့ အပြောင်းအလဲတွေကို လုပ်ဆောင်နေရင်း ဒီရာသီမှာ သူ့လက်ထက် အကောင်းဆုံး လီဗာပူးအသင်းကိုပါ မြင်ခွင့်ရနေခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကလော့ပ် လက်ထက် ကနဦးကာလတွေမှာ ဖန်တီးမှု မရှိပေမယ့် လှုပ်အားနှုန်း၊ နေရာလွတ်ဖြည့်ပေးနိုင်စွမ်းမှာ ထိပ်တန်းဆိုတဲ့ ကွင်းလယ်တန်းကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဟန်ဒါဆန်၊ မီလ်နာ၊ ဝိုက်နယ်ဒမ် ကွင်းလယ်အတွဲဟာ ကလပ်ရဲ့ ဖလားအောင်မြင်မှုတွေမှာ အဓိကကျတဲ့ နေရာက ပါဝင်ခဲ့ပေမယ့် ပရိသတ်တွေအနေနဲ့ သူတို့ကနေ နည်းစနစ် အားသာချက်တွေ ရှိတယ်လို့ ခံစားရမှု နည်းပါးခဲ့တယ်။

ဒီကွင်းလယ်အတွဲဟာ နည်းစနစ်ပိုင်း အားကောင်းတယ်လို့ ချီးကျူးမခံရပေမယ့် discipline ပိုင်းမှာတော့ အရမ်းကောင်းပြီး အသင်းရဲ့ ကစားကွက် ဟန်ချက်ညီအောင် အားထုတ်နိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် ကလော့ပ် နောက်ဆုံး ထုတ်သုံးလာတဲ့ ဖာဘင်ညို၊ သီယေဂို၊ ကိတ်တာ အတွဲကတော့ ခြားနားတဲ့ နည်းစနစ် အားသာချက်တွေကို ပေးလာပါတယ်။

မန်စီးတီးပွဲအပြီးမှာ ကလော့ပ်က ” သီယေဂိုက သိပ်ကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တယ်။ ဒါပေမယ့် ကွင်းလယ်တစ်ခုလုံးပါပဲ။ ကိတ်တာနဲ့ ဖာဘင်ညိုကလည်း သိပ်ကောင်းလွန်းတယ်။ မန်စီးတီးပွဲ နှစ်ပွဲကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကစားသမားတွေကို အနားပေးခဲ့တာက ဘယ်လောက် အရေးကြီးလဲ ခင်ဗျားတို့ မြင်ပါမယ် ” လို့ ဆိုခဲ့ပါတယ်။

ဒီရာသီမှာ လီဗာပူးအသင်းရဲ့ အကောင်းဆုံး ပွဲစဉ် နှစ်ပွဲကတော့ ချန်ပီယံလိဂ်မှာ ဘင်ဖီကာနဲ့ ရင်ဆိုင်ရတဲ့ ကွာတားဖိုင်နယ် ပထမအကျော့နဲ့ မန်စီးတီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲလို့ ဆိုကြပါတယ်။ အဲ့ပွဲတွေမှာ ကွင်းလယ်အတွဲက ဖာဘင်ညို-သီယေဂို-ကိတ်တာတို့ပဲ ဖြစ်ပါတယ်။

ဒီကွင်းလယ်တန်းဟာ လိုင်းတွေကို ထိုးဖောက်နိုင်ဖို့အတွက် ပေးချက်တွေ ထုတ်ပေးနိုင်သလို စဉ်ဆက်မပြတ် ဖိအားတွေ လုပ်နိုင်စွမ်းရှိပါတယ်။ လီဗာပူးအသင်း အကောင်းဆုံး ခြေစွမ်းပြဖို့ရာ ဒီကွင်းလယ်တွဲဘက်မှုက အရမ်းကို အရေးပါခဲ့တယ်။ ဒါပေမယ့်လည်း လီဗာပူးအသင်းမှာ ရှိခဲ့စဉ် သီယေဂိုနဲ့ ကိတ်တာတို့ရဲ့ ဒဏ်ရာ မှတ်တမ်းအရ သူတို့ကို တွဲပြီး ပွဲထုတ်ဖို့က အရမ်းကို ဂရုစိုက်ရပါတယ်။

ကိတ်တာ-သီယေဂိုတို့ နှစ်ဦးဟာ ပွဲထွက်လူစာရင်းကနေ ၂ ကြိမ်ပဲ အတူ ပွဲထွက်ဖူးပြီး ၂ ကြိမ်လုံးမှာ ပထမပိုင်း ၄၅ မိနစ်တွေက ဒီရာသီ လီဗာပူးရဲ့ အကောင်းဆုံး ကစားဟန်တွေ ဖြစ်ခဲ့ပါတယ်။

ပြိုင်ဘက်က ဘောလုံးပိုင်ဆိုင်မှုကို ဖိအားပေးလာချိန် သီယေဂိုရဲ့ ပေးချက်တွေနဲ့ ဖောက်ထွက်မှုကော၊ ပြိုင်ဘက် ခြေထဲက ပိုင်ဆိုင်မှုကို ပြန်လုယူဖို့ ကြိုးစားစဉ် ကိတ်တာရဲ့ မှန်ကန်တဲ့ လှုပ်ရှားမှုတွေနဲ့ ဖိအားပေးမှုတွေကပါ လီဗာပူး ကွင်းလယ်လူတွေထဲမှာ တစ်ဆင့်မြင့်တဲ့ နေရာက ရှိနေခဲ့ကြတယ်။

သူတို့ နှစ်ဦးဟာ တစ်ဦးချင်း စီချင်းထိုးမှုတွေမှာ အားကောင်းလှပြီး သီယေဂိုရဲ့ မြန်ဆန်တဲ့ ဘောလုံးဖြန့်ဝေမှုနဲ့ ကိတ်တာရဲ့ တိုက်ခိုက်လိုစိတ် အပြည့်နဲ့ ကစားဟန် ပေါင်းစပ်မှုဟာ ခြားနားတဲ့ ကွင်းလယ်ပိုင်း ကစားဟန်ကို မြင်တွေ့စေပါတယ်။

ဒီကွင်းလယ်တန်းဟာ ဒီရာသီမှာ ပထမဆုံးအကြိမ် တွဲပြီး ပွဲထွက်ခဲ့တာက ဘင်ဖီကာနဲ့ပွဲမှာ ဖြစ်ပါတယ်။ ဒုတိယအကြိမ်ကတော့ ဝင်ဘာလေမှာ မန်စီးတီးကို ရင်ဆိုင်ကစားစဉ်ဖြစ်တယ်။ သူတို့ရဲ့ အတူတကွ တွဲဘက် ကစားနိုင်စွမ်းဟာ လီဗာပူးအသင်းကို ဖန်တီးမှုအရကော ဖိအားပေးမှုအရပါ ပြီးပြည့်စုံပေးမယ့် သူတို့လို အဆင့်အတန်းနဲ့ ကစားသမားတွေကို ပွဲတိုင်း မသုံးနိုင်တာက စိတ်ပျက်စရာပါပဲ။

စကိုင်းစပေါ့မှ အကြီးတန်း သတင်းထောက် Melissa Reddy က ” မန်စီးတီးရဲ့ မသေသပ်တဲ့ ကစားဟန်ကို လိုက်လံ အနံ့ခံပြီး သူတို့ရဲ့ အမှားတွေကို လိုက်လံ အပြစ်ပေးခဲ့တယ်။ ပေးချက်တွေ၊ လှုပ်ရှားမှုတွေ ပူးပေါင်း လုပ်ဆောင်မှုတွေနဲ့အတူ မန်စီးတီးကို ဘာလုပ်ခွင့်မှ မပေးခဲ့ဘဲ ဆာဒီယို မာနေးရဲ့ မြေမကျကန်ချက်နဲ့ အဆုံးသတ်ခဲ့တယ်။ သီယေဂို၊ ကိတ်တာတို့က အရမ်းကို တောက်ပခဲ့ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တယ်။

အတိတ်က စတီဗင်ဂျရတ်နဲ့ အလွန်ဆိုတို့ တွဲဘက်မှု အဆုံးသတ်ပြီးတဲ့နောက်မှာ လီဗာပူး ကွင်းလယ်မှာ နည်းစနစ် သိပ်ကောင်းတဲ့ ကစားသမားမျိုး ရှားပါးခဲ့ပါတယ်။ ကော်တင်ညိုကလည်း ဘယ်ခြမ်းတောင်ပံကို ပြောင်းကစားခဲ့မှုနဲ့အတူ လီဗာပူးပရိသတ်တွဟာ ကွင်းလယ်မှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကွင်းလယ်လူတွေကို ငတ်မွတ်နေခဲ့တာ ဆယ်စုနှစ် ကြာမြင့်ခဲ့ပါပြီ။

ဒီနှစ်မှာတော့ ကိတ်တာ-သီယေဂိုတို့ရဲ့ တွဲဘက်မှုကနေမှ လီဗာပူးပရိသတ်တွေ မျှော်လင့်နေခဲ့တဲ့ လွှမ်းမိုးမှုရှိတဲ့ ကွင်းလယ်ကစားဟန်ကို ပြန်လည် မြင်တွေ့လာရတာဖြစ်တယ်။ ဒဏ်ရာတွေကြောင့် အထနှေးခဲ့ပေမယ့်လည်း ဒီရာသီ လီဗာပူးအသင်း ဆုဖလားကြီးတွေ အနိုင်ရရေးမှာ သူတို့ နှစ်ဦးရဲ့ စွမ်းဆောင်ရည်တွေကလည်း အရေးပါနေမှာပဲ ဖြစ်ပါတယ်။