ယူနိုက်တက်တော့ လွယ်ပါတယ်ကွာလို့ ယူဆနေသူတွေကို သတိကြီးပေးလိုက်တဲ့ ယာဂင်

အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်ရောက်အပြီးမှာ သတင်းထောက်တွေက လီဗာပူးအသင်းဟာ ဒီရာသီမှာ ဆုဖလားလေးလုံး အောင်မြင်ရေးကို လုပ်နိုင်မလားလို့ မေးခွန်းထုတ်ခဲ့တယ်။

ကလော့ပ်ကတော့ သူ့ထံကနေ ဒီမေးခွန်းအတွက် အဖြေရမှာ မဟုတ်ကြောင်းကို တုန့်ပြန်ခဲ့ကာ ပိုကြီးမားတဲ့ စိန်ခေါ်မှုတွေ ရောက်လာမယ်လို့ မြင်ထားပါတယ်။ အထူးသဖြင့် ကြားရက် အန်ဖီးမှာ ရင်ဆိုင်ရမယ့် ယူနိုက်တက်ပွဲကြိုမှာ ဆုဖလားအကြောင်းတွေ ပြောနေဖို့ကို ကလော့ပ်က သဘောမကျပါဘူး။

အင်္ဂလန် သတင်းဌာနတွေမှာတော့ လီဗာပူးက ယူနိုက်တက်ကို ခပ်လွယ်လွယ် အနိုင်ယူသွားမယ်လို့ သုံးသပ်နေကြပြီး နှစ်သင်းရဲ့ သမိုင်းကြောင်း တစ်လျှောက် ပြိုင်ဆိုင်မှုအရ ဒီပွဲဟာ ပြောကြသလို လွယ်မှာ မဟုတ်ဘူးလို့ ယာဂင်ကလော့ပ်က ထင်မြင်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ စပါးနဲ့ အာဆင်နယ်လောက် အရေးမသာသေးပေမယ့် အဆင့် ၄ နေရာအတွက် တိုက်ပွဲဝင်နေဆဲအသင်းဖြစ်ကာ ဒီအပတ် လီဗာပူးကို နိုင်ပွဲအတွက် ရည်ရွယ်ပြီး လာရောက်မှာပဲ ဖြစ်ပါတယ်။

ကလော့ပ်ကပဲ ” အဲ့လို ကိစ္စတွေအတွက် (ဆုဖလားလေးလုံး အောင်မြင်မှုကို ဆိုလို) ကျနော်ထံကနေ ဘာအဖြေမှ ရမှာ မဟုတ်ဘူး။ ဒီနေ့လို ပွဲဟာဆိုရင် ဖလားလေးလုံး အနိုင်ရရေး ပိုလို့တောင် မဖြစ်နိုင်ဘူးဆိုတာကို ပြသနေတာဖြစ်တယ်။

အခုချိန်မှာ မန်စီးတီးကို ရင်ဆိုင် ကျော်ဖြတ်နိုင်ခဲ့တယ်။ သူတို့ကို ရင်ဆိုင်ရတာက အရမ်းကို ခက်ခဲပြီး ပြင်းထန်ခဲ့ပါတယ်။ ၃ ရက် အကြာမှာတော့ ယူနိုက်တက်နဲ့ ရင်ဆိုင်ရဦးမယ်။ သူတို့ အနိုင်ရပြီး အာဆင်နယ်နဲ့ စပါးတို့ အရေးနိမ့်ခဲ့တဲ့ ရလဒ်တွေအရ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သူတို့ သုံးသင်းကြား တိုက်ခိုက်နေမှုဟာ လမ်းပွင့်နေခဲ့ပါပြီ။

ဒီတော့ ယူနိုက်တက်မှာလည်း သူတို့ အတိုင်းအတာနဲ့ သူတို့ ရှိနေပါတယ်။ သမိုင်းတစ်လျှောက် ပြိုင်ဆိုင်လာတဲ့ အသင်းနဲ့ ကျနော်တို့ ရင်ဆိုင်ရမှာဖြစ်ပြီး ချစ်ကြည်ရေးပွဲ ကစားရမှာမျိုး မဟုတ်ပါဘူး ” လို့ တုန့်ပြန်သွားခဲ့ပါတယ်။

ကလော့ပ် လက်အောက် လီဗာပူးအသင်းဟာ ယူနိုက်တက်ကို မကြာခဏ နိုင်ပွဲတွေ ရယူနိုင်တယ်ဆိုပေမယ့် မဟာပြိုင်ဘက်အသင်းက ဆုဖလားတိုင်းကို စိန်ခေါ်နေတာမျိုးကို မန်ချက်စတာသားတွေက စိတ်ချမ်းသာနေမှာ မဟုတ်ပါဘူး။

ဒီအပတ် ပွဲမှာတော့ သူတို့ရဲ့ အဆင့်ရပ်တည်မှုအတွက်ကော ပြိုင်ဘက်ရဲ့ ဖလားအိပ်မက်ကို ချိုးဖျက်ဖို့ပါ ယူနိုက်တက်က အားထုတ်လာဖွယ် ရှိနေပြီး လီဗာပူးအသင်းသားတွေ အနေနဲ့ ချီးမြောက်မှုတွေမှာ သာယာမှုမဝင်ဘဲ အပြည့်အဝ အာရုံစိုက်ဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။