အိမ်ရှေ့ တံခါးလာခေါက်မယ့် ယူနိုက်တက်၊ ဗိုလ်လုပွဲပြီးရင်း ဗိုလ်လုပွဲ၊ ဆာလာနဲ့ မန်စီးတီးနိုင်ပွဲအပြီး စကားစမြည်း ပြောစရာများ

ကလော့ပ်ရဲ့ စိန်ခေါ်မှု လူစာရင်း

မာတစ်ဟာ တစ်ပတ်အတွင်း ၃ ပွဲထိ ကစားနိုင်မယ့် ခံစစ်မှူး မဟုတ်ပါဘူး။ ဒါကြောင့်ပဲ ဒီပွဲမှာ ကိုနတေးကို ထည့်သွင်းခဲ့သလို ဟန်ဒါဆန်အစား ကိတ်တာ၊ ဖာမင်နိုနဲ့ ဂျိုတာအစား ဒီယက်စ်တို့ကို ပွဲထွက်လူစာရင်းထဲ ထည့်ခဲ့ပါတယ်။

ပွဲနေ့လူစာရင်းမှာ အိုရီဂီ၊ ချိန်ဘာလိန်၊ အယ်လီးယော့နဲ့ မီနာမီနိုတို့ မပါနိုင်ခဲ့ပါဘူး။ ဒါကြောင့် လက်ရှိ လီဗာပူးအသင်း လူစာရင်းဟာ အတော်လေးကို အင်အားတောင့်တင်းနေတဲ့ အခြေအနေဖြစ်ပါတယ်။

ကလော့ပ် အရဲစွန့်ထုတ်သုံးခဲ့တဲ့ ဒီယက်စ်၊ ကိတ်တာနဲ့ ကိုနတေးတို့ဟာ ပွဲရဲ့ အကောင်းဆုံး ကစားသမားတွေအဖြစ်တောင် တောက်ပခဲ့ပါတယ်။ ကိုနတေး အသင်းနဲ့ အထိုင်ကျလာခဲ့တာ မြင်သာပြီး ဗန်ဒိုက်ကတောင် သူ့ထက် ပိုအမှား လုပ်နေသလားလို့တောင် တွေးမိစရာပါ။ ဒီယက်စ်ရဲ့ အသားကျမှုက အံ့မခန်းဖြစ်ကာ ကိတ်တာရဲ့ ကြံ့ခိုင်မှုကလည်း အံ့အားသင့်စရာဖြစ်ပါတယ်။

ဘယ်ခြမ်းမှာ ဒီယက်စ်ဟာ တော်တော်လေးကို တိုက်စစ်စွမ်း ထက်ခဲ့သလို ဘောလုံးဆယ်ယူဖို့လည်း ကြိုးစားခဲ့တာကို မြင်ရပါတယ်။ သူ့ရဲ့ အကြမ်းပတမ်း ခံနိုင်မှုနဲ့ လှုပ်အားဟာ အားရဖို့ ကောင်းခဲ့တယ်။ ထိုနည်းတူ ကွင်းလယ်ကနေ ကိတ်တာရဲ့ ဖိအားပေးမှုတွေကလည်း ကြောက်ဖို့တောင် ကောင်းခဲ့ပြီး သူ့နောက်ကနေ သီယေဂိုက ဘောလုံးပေးချက်တွေနဲ့ ဟန်ချက်ညီအောင် ထိန်းပြခဲ့ပါတယ်။

ဂိုးသမားအဆင့် ကွာခြားမှု

ဒီပွဲမှာ ကွာခြားသွားတာက ဂိုးသမားလို့ ပြောနိုင်ပါတယ်။ မန်စီးတီးဘက်က အရန်ဂိုးသမားကို ထုတ်သုံးလာခဲ့ပြီး ဖိအားတွေကို ကိုင်တွယ်နိုင်စွမ်း မရှိချိန်မှာ အယ်လီဆန်က ဂျီးဆုရဲ့ အပိုင်ကန်ချက်တွေကို တားဆီးပေးနိုင်ခဲ့တယ်။ စတီဖန်ကို ဖိအားပေးပြီး မာနေး ဂိုးယူလိုက်ခြင်းဟာ မန်စီးတီးတို့ရဲ့ ခံစစ်ကို စိတ်ဓါတ်ကျစေခဲ့ပါလိမ့်မယ်။

ကလော့ပ်ဟာ လီဗာပူးအတွက် ကလယ်ဟာကို ပွဲထုတ်လေ့ရှိပေမယ့် အမှားအဖြစ်ခံတာမျိုး ရှားပါးပါတယ်။ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ကလယ်ဟာကို ဂိုးအဖြစ် တာဝန်ပေးခဲ့ပေမယ့် လူငယ်လေးက ဆုဖလား ကိုင်မြောက်နိုင်ခဲ့တယ်။ ဂိုးသမားတွေကို အသင်းကစားကွက်မှာ ပါဝင်စေခြင်းကို ခွင့်ပြုပေမယ့်လို့ ဘောလုံးသိပ်ကိုင်ပြီး ဖိအားအောက် ရောက်စေတာမျိုး လီဗာပူးအသင်းက ရှောင်လေ့ရှိပါတယ်။

ပြီးပြည့်စုံတဲ့ ၄၅ မိနစ်

ဒီရာသီမှာ လီဗာပူးအသင်းက ၄၅ မိနစ်စာပဲ ကစားနေတာတွေ များနေပါတယ်။ အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲမှာဆိုရင် ပထမပိုင်း မိနစ် ၉၀ ကို အသာရအောင် ကစားထားပြီး ဒုတိယအကျော့မှာ အရေးနိမ့်ခဲ့တယ်။ ဘင်ဖီကာကိုလည်း ပထမအကျော့ မိနစ် ၉၀ မှာ ဂိုးပြတ် အနိုင်ယူပြီး ဒုတိယအကျော့မှာ သရေရယူပါတယ်။

ပြီးခဲ့တဲ့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ဒုတိယပိုင်း ၄၅ မိနစ် ခြေစွမ်းနဲ့ ရလဒ်တစ်ခု ပြန်ယူခဲ့တာပါ။ ဒါဟာ ပြဿနာတစ်ခုလား? ဒါမှမဟုတ် အားကုန်ရုန်းလိုက်တာလားက ပြောရခက်ပါတယ်။

ဝင်ဘာလေက မန်စီးတီးကို ရင်ဆိုင်ကစားတဲ့ ပထမပိုင်းဟာ အတော်လေး ထူးချွန်ခဲ့ပါတယ်။ တိုက်စစ်ကနေ ခံစစ်ထိ ပြီးပြည့်စုံတဲ့ ရွေ့လျားမှုတွေကို လုပ်ပြခဲ့တယ်။ ဒုတိယပိုင်း အစမှာတင် ဂိုးပေးခဲ့ရတာက အသင်းရဲ့ ဦးဆောင်မှုကို အနည်းငယ် ပျက်ယွင်းစေခဲ့ပြီး လူစားလဲမှုတွေ အများကြီး လုပ်ခြင်းက လီဗာပူးရဲ့ တန်ပိုကို ကျစေခဲ့ကာ မန်စီးတီးကို လွှမ်းမိုးခွင့် ရစေခဲ့ပါတယ်။

ရလဒ်အရ ကြည့်မယ်ဆိုရင်တော့ ပြည့်စုံပါတယ်။ အဓိကကစားသမားတွေကို ပွဲချိန် အများအပြား ထုတ်သုံးတယ်။ တိုက်စစ်သမား ၅ ဦးလုံးကို ပွဲမိနစ်တွေ ပေးနိုင်ခဲ့သလို မာတစ် အနားရခဲ့တယ်။ ပွဲထုတ်ပုံနဲ့ လူစားလဲမှုတွေက ကြိုတင် စီစဉ်ထားတဲ့အတိုင်း ဖြစ်လာခဲ့ပါတယ်။

ဆာလာရဲ့ ပုံစံကောင်း ပျောက်ဆုံးမှု

ညာခြမ်းကနေ ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ ဆာလာဟာ သူရဲ့ တိုက်စစ်ခြေစွမ်းတွေကို မပြနိုင်တာ ကာလတစ်ခု ရှိနေခဲ့ပါပြီ။ အထူးသဖြင့် မတ်လ နိုင်ငံတကာ သီတင်းပတ် ပြီးကတည်းက မြင်နေရတဲ့ ဆာလာဟာ ဒီရာသီ အကောင်းဆုံးပါဆိုတဲ့ ဆာလာ မဟုတ်ပါဘူး။

မန်စီးတီးကို ၃-၂ နဲ့ အနိုင်ရမှုမှာ ဒုတိယပိုင်း အသင်းရဲ့ ခြေစွမ်းက တိုက်စစ်ထက် ပွဲထိန်းဖို့ကို ပိုဦးတည်ခဲ့တယ်ဆိုပေမယ့် အကယ်လို့ ဆာလာက သူ့ရဲ့ ပုံစံကောင်းကို ပြနိုင်ရင် လီဗာပူးက ၅ ဂိုးလောက်နဲ့ကို အနိုင်ရလောက်တာ ဖြစ်ပါတယ်။ လက်ရှိ ဆာလာရဲ့ ခြေစွမ်းဟာ လီဗာပူးအသင်းက သူ့ကို စာချုပ်သစ် မပေးနိုင်ခြင်းနဲ့ ဆက်စပ်နေသလားကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အန်ဖီးကို တံခါးလာခေါက်တဲ့ ယူနိုက်တက်

ဆုဖလားတွေ၊ ပွဲကြီးတွေအကြောင်း စကားပြောချင်တယ်ဆိုရင် အခုက မှန်ကန်တဲ့ အချိန်တော့ မဟုတ်ပါဘူး။ ကြားရက်မှာ ယူနိုက်တက်ကို ဧည့်ခံရမှာ အပါအဝင် ပွဲကြပ်တွေက ရောက်လာဦးမှာပါ။

အန်ဖီးမှာ လီဗာပူးက ယူနိုက်တက်ကို ခပ်လွယ်လွယ် ဂိုးပြတ် အနိုင်ယူလိုက်မယ်လို့ တွေးနေသူတွေ ရှိမယ်ဆိုရင် သူတို့ဟာ လီဗာပူးနဲ့ ယူနိုက်တက်ကြား ပြိုင်ဆိုင်မှုအကြောင်း မသိကြသူတွေ ဖြစ်ပါလိမ့်မယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့ပြီဆိုရင် လက်ရှိ ခြေစွမ်း၊ လက်ရှိ အဆင့်ရပ်တည်မှု၊ လက်ရှိ ကမ္ဘာအကောင်းဆုံး ကစားသမား ပိုင်ဆိုင်ခြင်းတွေကို မေ့ထားလိုက်ပါ။ ဒါဟာ လီဗာပူးနဲ့ ယူနိုက်တက်ကြား ထိပ်တိုက်တွေ့ခြင်းပဲ ဖြစ်ပါတယ်။

အတိတ်မှာတုန်းက လီဗာပူးအသင်းအတွက် ဆုဖလား အနိုင်ရရေးထက် ယူနိုက်တက်ရဲ့ ဆုဖလားအိပ်မက်တွေကို ဖျက်ဆီးရေးကပဲ အဓိကဆိုတဲ့ အချိန်တွေ ရှိခဲ့ဖူးပါတယ်။ အခုချိန်မှာ ယူနိုက်တက်ကလည်း ဒီရည်မှန်းချက်တွေနဲ့ အန်ဖီးကို လာကစားမှာဖြစ်ပါတယ်။ ဘယ်လိုမှ လွယ်ကူတဲ့ ပွဲစဉ်တစ်ခု ဖြစ်မလာနိုင်ပါဘူး၊ ဖြစ်လာမှာလည်း မဟုတ်ပါဘူး။

ဖလားလေးလုံး

လီဗာပူးအသင်းဟာ ပြိုင်ပွဲစုံမှာ လမ်းကြောင်းမှန်ပေါ်က သွားနေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဒီအခြေအနေမှာ အမှတ်ပေးဖလားမှာ မန်စီးတီးနောက် တစ်မှတ်အကွာက ဆက်ပြီး ယှဉ်ပြိုင်နေရတာပါ။ လီဗာပူးအသင်းအတွက် အရေးအကြီးဆုံး ပွဲတွေထဲမှာတော့ ယူနိုက်တက်၊ အဲဗာတန်၊ စပါးတို့ကို အနိုင်ယူရမယ့်ပွဲတွေ ပါဝင်ပါလိမ့်မယ်။

ဖလားပွဲတွေမှာ အနိုင်ရရင် ဆုဖလား ကိုင်မြောက်ခွင့်ရပါမယ်။ အမှတ်ပေးလိဂ်မှာတော့ အနိုင်ရရင်တောင်မှပဲ မန်စီးတီး ခြေချော်တာကို စောင့်ရမှာဖြစ်တယ်။ ဒါကြောင့် ပြိုင်ဘက်အသင်း တခုခုဖြစ်ခဲ့ရင်ဆိုတဲ့ အခြေအနေမှာ သူတို့ရဲ့ နေရာကို ခုန်ယူနိုင်ဖို့ အဆင်သင့်ဖြစ်ဖို့ လိုပါတယ်။

ပရီးမီးယားလိဂ် လက်ကျန် ၇ ပွဲဟာ ဗိုလ်လုပွဲတွေအဖြစ် ဆက်ရှိနေဆဲဖြစ်ပါတယ်။