အက်ဖ်အေဖလားအပြီး လီဗာပူးအသင်းကို တရားဝင် တောင်းပန်တဲ့ မန်စီးတီးအသင်းနဲ့ ဂွာဒီယိုလာ

ဝင်ဘာလေမှာ ယှဉ်ပြိုင်ကစားတဲ့ လီဗာပူးနဲ့ မန်စီးတီးတို့ရဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာတော့ ပြိုင်ဘက် ပရိသတ်တွေဟာ ဟေးဘရော့ဖြစ်ရပ်အတွက် အောက်မေ့မှု ၁ မိနစ် ငြိမ်သက်ခြင်း ကိစ္စကို ဖျက်ဆီးခဲ့ကြပါတယ်။

စီးတီးပရိသတ်တွေဟာ ကွင်းလယ်ဒိုင် အိုလီဗာရဲ့ ငြိမ်သက်ဖို့ ခရာမှုတ်သံကို ဂရုမစိုက်ခဲ့ကြဘဲ ကွင်းထဲမှာ အော်ဟစ်နေခဲ့ကြတာပါ။ ဒီလို လေးစားမှုကင်းတဲ့ အပြုအမှုအတွက် လီဗာပူးပရိသတ်တွေက ‘Boo’ လုပ်ပြီး ကန့်ကွက်ခဲ့ကြသလို အခြေအနေ ပိုဆိုးမလာစေဖို့ အိုလီဗာက အစီအစဉ်ကို ဖျက်သိမ်းပြီး ပွဲကို အမြန်စခဲ့ရတာဖြစ်တယ်။

ပွဲအပြီးမှာတော့ ဂွာဒီယိုလာက လီဗာပူးအသင်းကို တရားဝင် တောင်းပန်ခဲ့ကာ ကွင်းထဲက အဆိုပါ အပြုအမှု လုပ်သူတွေက မန်စီးတီးကို ကိုယ်စား မပြုပါဘူးလို့ ထုတ်ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက ” မန်စီးတီးအသင်းဘက်က စာထုတ်ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ အဲ့ အပြုအမှုဟာ မန်စီးတီးက လုပ်တာ မဟုတ်ပါဘူး။ ကုန်ခဲ့တဲ့ နှစ်တွေတုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ဆိုးတွေအတွက် ကျနေ်ာတို့က လီဗာပူးအသင်းနဲ့ အတူရှိပါတယ်။ ကွင်းထဲက ဒီလူတွေ အော်ဟစ်နေတာဟာ မန်စီးတီးအသင်းကို ကိုယ်စား မပြုပါဘူး ” လို့ တောင်းပန်ခဲ့တယ်။

ပွဲကစားနေစဉ်အတွင်း ပွဲမစခင် ပရိသတ်တွေရဲ့ မလေးမစား အပြုအမှုအတွက် မန်စီးတီးအသင်းဘက်က တရားဝင် ထုတ်ပြန်ချက်မှာတော့

“ ဒီကနေ့ ပွဲမစခင် ၁ မိနစ် ငြိမ်သက်ရေး လုပ်ဆောင်နေစဉ်မှာ ပရိသတ်အချို့ရဲ့ အပြုအမှုနဲ့ ပတ်သက်ပြီး မန်ချက်စတာစီးတီး အသင်းက အရမ်းကိုမှ စိတ်ပျက်ရပါတယ်။ ကလပ်အသင်းအနေနဲ့ လီဗာပူူးဘောလုံးအသင်းနဲ့တကွ ဒီဖြစ်ရပ်အတွက် ဆက်နွယ်သူတွေ အားလုံးကို အနူးအညွှန့် တောင်းပန်ပါတယ် ” လို့ ပါရှိခဲ့တာဖြစ်ပါတယ်။

ဟေးဘရော့ဖြစ်ရပ်မှာ လီဗာပူးပရိသတ် ၉၇ ဦး အသက်ဆုံးရှုံးခဲ့တာဖြစ်ပြီး ဒီအတွက် တရားမျှတမှုရရေး လီဗာပူးအသင်းဟာ ၃၃ နှစ်လုံး ကြိုးစား အားထုတ်လာခဲ့ရတာဖြစ်ပါတယ်။ အခုလို ပြည်တွင်းပြိုင်ဘက် မန်စီးတီးရဲ့ လုပ်ရပ်ဟာ အတော်လေးကို အရုပ်ဆိုးလှတာဖြစ်ပြီး ပြီးခဲ့ အီသီဟက်ပွဲမှာလည်း ဟေးဘရော့ဖြစ်ရပ်ကို လှောင်ပြောင်မှုအတွက် စီးတီးပရိသတ် အချို့ဟာ စစ်ဆေးခံရမှုတွေ ရှိနေတာပဲ ဖြစ်ပါတယ်။

နှစ်ဘက်အသင်းကတော့ ဒီလို အပြုအမှုတွေ ဆက်မဖြစ်လာဖို့ ကြိုးစားကြဖွယ်ရှိပြီး အနာဂတ်မှာတော့ မန်စီးတီးပရိသတ်တွေ အနေနဲ့ တူညီတဲ့ အပြုအမှုကို ထပ်မလုပ်ဘဲ လေးစားမှု ပေးကြဖို့ မျှော်လင့်ရတာဖြစ်ပါတယ်။