ဒီရာသီ ဖလားလေးလုံး အနိုင်ရရေး အစွမ်းကုန် တိုက်ခိုက်ပါမယ်လို့ စိန်ခေါ်လိုက်တဲ့ မာနေး

မန်စီးတီးကို ၃-၂ နဲ့ အနိုင်ရမှုမှာ သွင်းဂိုး ၂ ဂိုး သွင်းယူခဲ့တဲ့ တိုက်စစ်သမား မာနေးက ဒီရာသီ ဆုဖလား ၄ လုံး အောင်မြင်ရေးအတွက် တိုက်ခိုက်ပါမယ်လို့ စိန်ခေါ်လိုက်ပါတယ်။

မာနေးဟာ လီဗာပူးအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို ပြိုင်ဘက် ဂိုးသမား အမှားကနေ ပါးပါးနပ်နပ် ရယူပေးခဲ့သူဖြစ်တယ်။ သူဟာ အထောင် တိုက်စစ်သမား နေရာက အကောင်းဆုံး ကစားခဲ့ကာ တတိယ ဦးဆောင်ဂိုးအတွက်ကို ညာခြမ်းဘက်ကနေ ခပ်ပြင်းပြင်း ကန်သွင်းပြီး ရယူူပေးခဲ့ပါတယ်။

ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား မာနေးက ပွဲအပြီးမှာတော့ ” ဒီနေ့ကတော့ သိပ်ကောင်းတဲ့ နေ့လေးတစ်ရက်ပေါ့။ ကျနော်တို့က ကမ္ဘာအကောင်းဆုံး အသင်းတွေထဲက တစ်သင်းနဲ့ ကစားခဲ့ရတာဖြစ်တယ်။ ဒီလိုပွဲကို အနိုင်ရတာ၊ အထူးသဖြင့် ဆီမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲကို အနိုင်ရတာက သိပ် သိပ်ကို ကြီးမားလွန်းတဲ့ နိုင်ပွဲဖြစ်ပါတယ်။

အနိုင်ရခဲ့တာအတွက်ကော ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာအတွက်ပါ သိပ်ကို ကျေနပ်မိပါတယ်။ ကျနော်တို့ အစကောင်းခဲ့တယ်။ အသင်းဖော်အားလုံး ဘောလုံးကို ခြေထောက်ထဲထားပြီး အကောင်းဆုံး ကစားနိုင်ခဲ့တယ်။

ကျနော်ရဲ့ ပထမဆုံး ဂိုးကတော့ ဂိုးသမားရဲ့ အမှားကနေ ရခဲ့တာပါ။ ဒါပေမယ့် သူအဲ့လို အမှားလုပ်အောင် ကျနော်တို့ပဲ တွန်းအားပေးခဲ့တာပါ။ ဒါက ကျနော်တို့ရဲ့ ကစားဟန်ပါ။ ဒါကပဲ ခြားနားမှုတွေ လုပ်ပေးခဲ့တာဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဆုဖလား လေးလုံး စိန်ခေါ်ဖို့ ဖြစ်နိုင်ချေနဲ့ ပတ်သက်လို့ကလည်း မာနေးက ” ကျနော်တို့ ပွဲတွေ အများကြီး ကစားရဦးမှာဖြစ်ပါတယ်။ ကျနော်တို့ အကောင်းဆုံး ကြိုးစားသွားပါမယ်။ ဆုဖလား လေးလုံး အောင်မြင်ရေးက ကျနော်တို့ရဲ့ အိပ်မက်ဆိုတာ သေချာပါတယ်။ အဲ့အတွက် တိုက်ခိုက်သွားရပါမယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပဲလေစ့် V ချယ်ဆီးအသင်းကနေ အနိုင်ရလာတဲ့အသင်းနဲ့ ဝင်ဘာလေမှာ အက်ဖ်အေဖလား လုရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ဗီလာရီးရဲလ်နဲ့ ဆီမီးဖိုင်နယ် နှစ်ကျော့ ကစားရဦးမှာဖြစ်ကာ ပရီးမီးယားလိဂ်မှာတော့ လက်ကျန် ၇ ပွဲ ကစားရဖို့ ရှိနေသေးတာပဲ ဖြစ်ပါတယ်။