ရင်ဖိုစရာ နောက်ဆုံး မိနစ်တွေနဲ့အတူ မန်စီးတီးကို အနိုင်ယူပြီး FA ဖလား ဗိုလ်လုပွဲကို တက်ရောက်တဲ့ လီဗာပူး

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဖြစ် ဝင်ဘာလေမှာ ယှဉ်ပြိုင်တဲ့ပွဲအတွင်း လီဗာပူးအသင်းဟာ မန်စီးတီးအသင်းကို အနိုင်ယူကာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ လီဗာပူးအတွက် သွင်းဂိုးတွေကို ခံစစ်မှူး ကိုနတေးက ထောင့်ကန်ဘောကနေ စတင် သွင်းယူပေးခဲ့တယ်။ ပထမပိုင်းမှာတင်ပဲ မာနေးက နောက်ထပ် ၂ ဂိုး ထပ်မံ သွင်းယူခဲ့ကာ မန်စီးတီးအတွက် ခြေပဂိုးကိုတော့ ဒုတိယပိုင်း စစချင်းမှာပဲ လီဗာပူးဘက်က အထနှေးမှုကို အခွင့်အရေးယူကာ ဂရီလစ်က သွင်းယူခဲ့သလို ပွဲချိန် မိနစ် ၉၀ မှာတော့ ဘာနာတို ဆေးဗားက ထပ်မံ သွင်းယူခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ကလော့ပ်ဟာ မာနေး၊ ဆာလာ၊ ဒီယက်စ် တိုက်စစ်အတွဲကို ထုတ်သုံးခဲ့ပြီး ကွင်းလယ်မှာတော့ ကိတ်တာ၊ သီယေဂို၊ ဖာဘင်ညို အတွဲကို ထုတ်သုံးခဲ့ကာ ခံစစ်မှာ ကိုနတေး ပါဝင်လာခဲ့ပါတယ်။ ဒီလူစာရင်းဟာ ချန်ပီယံလိဂ်ပွဲမှာ အနားပေးထားတဲ့ ကစားသမားတွေကို အဓိက ထုတ်သုံးခဲ့ခြင်းဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ လီဗာပူးအသင်းရဲ့ ဖိအားပေး ကစားပုံက အတော်လေး ကောင်းမွန်ခဲ့တယ်။ အထူးသဖြင့် ကိတ်တာ၊ ဒီယက်စ်နဲ့ မာနေးတို့ရဲ့ လုပ်အားတွေက အရမ်းကို ပြင်းထန်ခဲ့တာဖြစ်ပါတယ်။ ဝါရင့် ကစားသမားတွေဖြစ်တဲ့ သီယေဂို၊ ဗန်ဒိုက်နဲ့ အယ်လီဆန်တို့က သမ္ဘာနဲ့ ပွဲကို ထိန်းကစားပေးခဲ့တယ်။

ဝင်ဘာလေမှာတော့ လီဗာပူးပရိသတ်တွေရဲ့ အားပေးသံတွေက ပြိုင်ဘက် ပရိသတ်တွေကို သိသိသာသာ လွှမ်းမိုးခဲ့ပြီး ဒါကလည်း ကွင်းထဲက ကစားသမားတွေအတွက် အကူအညီဖြစ်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာ ရုပ်ဆိုးခဲ့တာကတော့ ဟေးဘရော့ အောက်မေ့ခြင်း အထိမ်းအမှတ်အဖြစ် ၁ မိနစ် ငြိမ်သက်ရေး ကိစ္စမှာ မန်စီးတီးပရိသတ်တွေ ပွဲဆူတာကြောင့် အချိန်မပြည့်ခင် ဖျက်သိမ်းခဲ့ရပြီး လုပ်ခွင့်မရခဲ့တာ ဖြစ်ပါတယ်။

အစပိုင်း မိနစ်တွေမှာတင် ပွဲကို တည်တည်ငြိမ်ငြိမ် ထိန်းချုပ်လာတဲ့ လီဗာပူးက ထောင့်ကန်ဘောကနေ အီဘူး သွင်းယူပေးမှုနဲ့အတူ ပွဲကို ဦးဆောင်ပါတယ်။ အီဘူးဟာ နောက်ဆုံး ပွဲထွက်ထားတဲ့ ၃ ပွဲ ဆက်တိုက်ကို ခေါင်းတိုက် သွင်းယူနိုင်ခဲ့တာဖြစ်တယ်။

ဦးဆောင်ဂိုးရပြီး ပိုမို တည်ငြိမ်လာတဲ့ လီဗာပူးအတွက် အခွင့်အရေးကောင်းကို မာနေးက ရယူခဲ့ပြီး ပြိုင်ဘက် ဂိုးသမား နှေးကွေးမှု အမှားကို အခွင့်အရေးယူကာ သွင်းယူခဲ့ခြင်းဖြစ်တယ်။ ထပ်ပြီးလည်း ဒီယက်စ်၊ သီယေဂိုတို့နဲ့အတူ မန်စီးတီး တိုက်စစ်ဧရိယာထဲ ဝင်ရောက် လှုပ်ရှားနေခြင်းကနေပဲ ညာခြမ်းမှာ လွတ်နေတဲ့ မာနေးက တတိယဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။

ဒီပွဲမှာ အတော်လေး သဘောကျဖို့ ကောင်းတာက ဒီယက်စ်နဲ့ ကိတ်တာတို့ရဲ့ ကစားဟန်ပါပဲ။ ကိတ်တာဟာ တစ်ချိန်လုံး နာနေတဲ့ ကစားသမားဆိုတာမှ ဟုတ်ရဲ့လား မေးရအောင်ကို တရစပ် ဖိအားပေးမှုတွေနဲ့အတူ မန်စီးတီးရဲ့ ဘောလုံး ပေးမှုတွေကို လိုက်လံ ဟန့်တားခဲ့တယ်။ ဘောလုံးပိုင်ဆိုင်မှုမှာ ဒီယက်စ်ရဲ့ ဘယ်ခြမ်းက ထိုးဖောက်မှုတွေကိုတော့ မန်စီးတီးက ပြာပန်းခတ်အောင်ကို လိုက်လံ တားဆီးနေခဲ့ရတယ်။

ဒုတိယပိုင်းမှာ ဂရီလစ်က ခြေပဂိုး တစ်ဂိုးကို ခပ်စောစော သွင်းယူခဲ့လို့ လီဗာပူးအသင်းက ပွဲကို ထိန်းခဲ့ရပြီး တိုက်စစ် လိုက်ပါခြင်းကို လျော့ချသွားတဲ့ ပုံစံမျိုး မြင်ခဲ့ရပါတယ်။ ဒီယက်စ်တို့ရဲ့ ကစားပုံက အရမ်းကို သက်ဝင်နေတာကြောင့် မန်စီးတီးဘက်က ဖာနန်ဒင်ဟိုနဲ့ ဘာနာတိုတို့ ခပ်ကြမ်းကြမ်း ပုံစံတွေနဲ့ ကိုင်တွယ်နေခဲ့ရတယ်။

ဒီပွဲမှာ ဒီယက်စ်နဲ့ မာနေးတို့ တော်တော်လေး ကောင်းပေမယ့် ဆာလာ ပုံမှန် ခြေစွမ်းအောက်ကို ရောက်ရှိနေခဲ့ပါတယ်။ မန်စီးတီးရဲ့ အခွင့်အရေးကောင်း နှစ်ကြိမ်လောက်ကို အယ်လီဆန် ကာကွယ်ပေးခဲ့ရပါသေးတယ်။

ကလော့ပ်ဟာ ကစားအားအတွက် ရည်ရွယ်ပြီး ဒီယက်စ်၊ မာနေးနေရာမှာ ဂျိုတာ၊ ဖာမင်နိုတို့ကို ထည့်သွင်းခဲ့တယ်။ ကိတ်တာ၊ သီယေဂိုတို့ နေရာမှာ ဂျုံး၊ ဟန်ဒါဆန်တို့ကို ထည့်သွင်းခဲ့ပါတယ်။ မိနစ် ၉၀ မှာ ဘာနာတိုက ခြေပဂိုး တစ်ဂိုး ထပ်ရယူမှုနဲ့အတူ ပွဲကို ပြန်လာဖို့ ကြိုးစားခဲ့ပါသေးတယ်။

နည်းနည်း စိတ်လှုပ်ရှားရတဲ့ ၄ မိနစ်ကို ရင်ဆိုင်ခဲ့ရပေမယ့် အနိုင်ရလဒ်ကို ဆက်ထိန်းထားနိုင်မှုနဲ့အတူ လီဗာပူးအသင်းဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ ပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် မာနေး ရွေးချယ်ခံခဲ့ရပြီး သီယေဂိုရဲ့ ခြေစွမ်းကလည်း အရမ်းကို ကောင်းမွန်ခဲ့ပါတယ်။

မနက်ဖြန်မှာတော့ ပဲလေစ့်နဲ့ ချယ်ဆီးတို့ ဗိုလ်လုကြမှာဖြစ်ပြီး အနိုင်ရတဲ့ အသင်းနဲ့ လီဗာပူးအသင်းဟာ မေလထဲ ဝင်ဘာလေမှာ ယှဉ်ပြိုင်ကြရမှာပဲ ဖြစ်ပါတယ်။