လီဗာပူးအသင်းကို ကိုယ်ချင်းစာပါတယ်လို့ ဖွင့်ဟလာတဲ့ နယူးကာဆယ်နည်းပြ အတ်ဒီဟောင်

နယူးကာဆယ်နဲ့ပွဲကို ရွှေ့ဆိုင်းပေးဖို့ လီဗာပူးအသင်းဘက်က တောင်းဆိုတဲ့အပေါ် ဘာမှ ပြောဖို့ မရှိကြောင်းနဲ့ ကိုယ်ချင်းစာပါတယ်လို့ နယူးကာဆယ်နည်းပြ အတ်ဒီဟောင်က ဆိုပါတယ်။

ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းက ဗျာများရတော့မှာဖြစ်ပြီး စနေ အစောပွဲမှာ ကစားဖို့ စီစဉ်ခဲ့တဲ့ BT Sport ကို လီဗာပူးဘက်က ကန့်ကွက်ထားတာ ဖြစ်ပါတယ်။ နယူးကာဆယ် နည်းပြကတော့ ဒီပွဲအတွက် သူ့ဘက်က ပြဿနာ မရှိကြောင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲကို ကစားလိုက်မှာပါပဲလို့ တုန့်ပြန်ခဲ့တယ်။

အတ်ဒီဟောင်က “ ဒါက အရမ်းကို ခက်ခဲတဲ့ အခြေအနေပါပဲ။ လီဗာပူးက ဒီရာသီမှာ အရမ်းကို အောင်မြင်နေတယ်။ ပွဲတွေ အများကြီး ဆက်ကစားရဖို့ ရှိနေပါသေးတယ်။ ဒီတော့ လီဗာပူးဘက်ကကြည့်ရင် ဆိုတဲ့ အခြေအနေကို ကျနော် နားလည်ပါတယ်။

လီဗာပူးအသင်းနေရာ ကျနော်ဆိုရင်လည်း တူညီတဲ့ ရွေးချယ်မှုကို လုပ်မှာပါပဲ။ ကျနော်တို့အတွက် လီဗာပူးလို အခြေအနေမျိုးကို အကြိမ် အများကြီး ပိုင်ဆိုင်ခဲ့ပြီး ဒီပွဲကို ဘာလို့များ ဒီအချိန် ကစားခိုင်းလဲဆိုပြီး ဖြစ်ခဲ့ရတဲ့ အချိန်တွေ ရှိပါတယ်။

လီဗာပူးအသင်းကို ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် လီဗာပူးက ပွဲတွေ အများကြီးကို အနိုင်ရနေပြီး ပြိုင်ပွဲတွေ အများကြီးမှာ ဆက်ပြီး ပါဝင်နေရဆဲဆိုတော့ အခု အနေအထားလို ဖြစ်မှာက သဘာဝပါပဲ။ ဒီလိုပဲ သွားမှာပါပဲ။ ကျနော်အတွက်ကတော့ မျှတတယ် မမျှတဘူး ပြောနေဖို့ မဟုတ်ပါဘူး။ ယှဉ်ပြိုင်ရမယ့် အချိန်မှာ ယှဉ်ပြိုင်လိုက်ဖို့ပါပဲ။

ဘယ်ပွဲကို ကစားရမယ်ဆိုတာကို ကျနော်တို့ ဆုံးဖြတ်ပေးတာ မဟုတ်ပါဘူး။ ကျနော်တို့ အဝေးကွင်းပွဲ ၄ ပွဲဆက်တိုက်ကို ခပ်မြန်မြန် ကစားရတာ ရှိတယ်။ ပွဲစဉ် ဇယားတွေကို ကျနော်တို့ ဆုံးဖြတ်ပေးနိုင်ခြင်း မရှိပါဘူး ဒါပေမယ့် လီဗာပူးကို ကျနော် ကိုယ်ချင်းစာပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ပွဲစဉ်ဇယားအရ လီဗာပူးအသင်းဟာ ၆၂ နာရီအတွင်း ဗီလာရီးရဲလ်ကို ရင်ဆိုင်မယ့် ချန်ပီယံလိဂ်ပွဲနဲ့ နယူးကာဆယ်ကို ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲတွေကို ကစားရမှာပဲ ဖြစ်ပါတယ်။