ကလော့ပ်ကို ထောက်ခံပေမယ့် ဆာအဲလစ်၊ မော်ရင်ညိုတို့ကို ဥပမာပေးပြီး လူမိုက် ဝင်မလုပ်ဖို့ ရွေးချယ်တဲ့ ဂွာဒီယိုလာ

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ပွဲစဉ်ဇယား ကြပ်တည်းမှုအပေါ် ယာဂင်ကလော့ပ်ရဲ့ ပြောဆိုမှုကို ထောက်ခံပေမယ့် ဘာအပြောင်းအလဲမှ လုပ်ပေးမယ် မထင်ဘူးလို့ ထုတ်ပြောလာပါတယ်။

ချန်ပီယံလိဂ်မှာ ဗီလာရီးရဲလ်နဲ့ ယှဉ်ပြိုင်အပြီး ၂ ရက်တစ်ပိုင်းမှာပဲ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ ကစားရမှာကို ကလော့ပ်က သဘောမကျဖြစ်နေတာပါ။ ချန်ပီယံလိဂ်ပွဲအပြီးမှာပဲ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်စချိန်မှာ အစောဆုံးပွဲကို လီဗာပူးအသင်း ကစားရမယ်ဆိုပြီး ရုပ်သံဌာနတွေ ပါဝင်တဲ့ ပွဲစဉ်ဇယား ရေးဆွဲမှုက သတ်မှတ်ခဲ့တာဖြစ်တယ်။

ကလော့ပ်ကတော့ ” ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲအပြီး စနေနေ့ နေ့ခင်း ၁၂း၃၀ မှာ လိဂ်ပွဲ ကစားခိုင်းတဲ့ လိဂ်တစ်ခုလောက်ရှိရင်းပဲ မင်းတို့ ငါ့ကို ပြကြည့်ကြပါ။ မင်းတို့ ဘာတွေလုပ်နေတာလဲ? ဘာလို့ ဒီလို လုပ်ရက်ရတာလဲ? ဒါကြောင့်ပဲ ဒီနိုင်ငံမှာ ဆုဖလား ၄ လုံး ဘယ်တော့မှ မရတာပါ။ ဘာလို့လည်းဆိုတော့ ဘယ်သူကမှ ဂရုမစိုက်နေလို့ပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ကလော့ပ်ဟာ ကစားသမားတွေရဲ့ ရေရှည် အနာဂတ်အတွက် ရည်ရွယ်ပြီး လူစားလဲမှု ၅ ခုကိစ္စ၊ ဆောင်းရာသီ အားလပ်ရက်နဲ့ ပွဲစဉ်ဇယားကိစ္စတွေကို အမြဲတမ်း ထောက်ပြလေ့ရှိသူဖြစ်ပြီး ဒါတွေအတွက်လည်း ဗြိတိန်မီဒီယာတွေနဲ့ မကြာခဏ အတိုက်အခံ ဖြစ်ရလေ့ ရှိပါတယ်။

ကလော့ပ်ရဲ့ ပြောဆိုမှုကို ဂွာဒီယိုလာကလည်း ထောက်ခံပေမယ့် ယခင် နည်းပြဟောင်းတွေဖြစ်တဲ့ ဆာအဲလက်စ်၊ အာဆင်ဝင်းဂါး၊ မော်ရင်ညို ခေတ်ကတည်းက ဒီပြဿနာဟာ ကြီးကြီးမားမား ရှိနေခဲ့တာဖြစ်ပြီး သူတို့ခေတ်မှ ထူးပြီး ပြောင်းလဲမယ်လို့ မန်စီးတီး နည်းပြက မထင်ပါဘူး။

ဂွာဒီယိုလာက ” ကျနော်လည်း ယာဂင်ပြောတာကို ထောက်ခံပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်ကတော့ စကား တစ်ခွန်းမှ ပြောမှာ မဟုတ်ပါဘူး။ အပြောင်းအလဲလဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ ပွဲစဉ်ဇယားတွေ အဓိပ္ပာယ်မရှိတဲ့ ယာဂင် ပြောဆိုမှုကိုတော့ ကျနော် ရာနှုန်းပြည့် ထောက်ခံပါတယ်။

ဆာအဲလက်စ်၊ အာဆင်ဝင်းဂါးနဲ့ မော်ရင်ညိုလည်း ဒီကိစ္စကို ပြောခဲ့တာပါပဲ။ အားလုံး တူညီစွာ ပြောခဲ့ပြီး အခြေအနေအပေါ် ကျနော်တို့ အသားကျဖို့ လိုပါတယ်။ ဘာအပြောင်းအလဲမှ ဖြစ်မလာခဲ့ပါဘူး။ ပွဲစဉ်ဇယား ရေးဆွဲမှုတွေမှာ ရုပ်သံဌာနတွေက အမြဲတမ်း ရှိနေပါတယ်။ လုပ်ချင်တာလုပ်ကြပါ ကျနော်ကတော့ အသင်းကို ပြင်ဆင်ဖို့ အလုပ်များနေပါတယ်။

အဲ့အကြောင်း ဘာတစ်ခွန်းမှ ကျနော် ပြောမှာ မဟုတ်ပါဘူး။ ရံဖန်ရံခါမှာ ကိုယ်က ခြားနားတဲ့ အချိန်တွေ၊ အခြေအနေတွေမှာ ကစားရပါတယ်။ ဒီလို ပြဿနာတွေ ဖြစ်လာရတဲ့ အကြောင်းရင်း တစ်ခုကတော့ ကျနော်တို့ဟာ ဆုဖလားတွေအတွက် တိုက်ခိုက်နေရလို့ပါပဲ။ ဆုဖလားတွေအတွက် မတိုက်ခိုက်ရရင် ဒီပြဿနာတွေလည်း မဖြစ်တော့ပါဘူး။

ဒါက ဖြေရှင်းစရာ နည်းလမ်း မဟုတ်ဘူးဆိုတာ ကျနော်တို့ သိပါတယ်။ ကျနော်ကတော့ ကစားသမားတွေကို အိပ်ဖို့ပဲ မှာပါတယ်။ အဲ့နောက် ပွဲကစားရချိန်မှာ အနိုင်ရဖို့ ကြိုးစားလိုက်တာပေါ့ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။