ဒေါ့မွန်ဘက်က လက်နှေးနေတာကြောင့် အာဒယ်ရယ်မီအတွက် ဝင်ပါပြီဖြစ်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဆဲလ်ဘတ်အသင်း တိုက်စစ်သမား အာဒယ်ရယ်မီကို နွေမှာ ခေါ်ယူခွင့်နဲ့ ပတ်သက်လို့ ၎င်းရဲ့ အေးဂျင့်ဖြစ်သူနဲ့ စကားပြောနေပြီဖြစ်ကြောင်း Sky Sports က ဖော်ထုတ်လာပါတယ်။

အာဒယ်ရယ်မီကို ခေါ်ယူဖို့ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းက နီးစပ်နေတာဖြစ်ပြီး အခြေခံ သဘောတူညီမှုကိုတောင် ရယူထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အပြီးသတ် သဘောတူညီမှုတွေ ရဖို့ရာ အလှမ်းဝေးနေသေးတာကြောင့် တိုက်စစ်သမားကို ခေါ်ယူရေး အခြားသော ကလပ်တွေအတွက် လမ်းပွင့်လာခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဘက်က ကစားသမားရဲ့ ကိုယ်စားလှယ်နဲ့ တွေ့ဆုံပြီး စကားပြောနေဆဲဖြစ်ကာ ခေါ်ယူလို့ မရနိုင်တဲ့ အခြေအနေမျိုးတော့ မဟုတ်ဘူးလို့ သိရတယ်။ အသက် ၂၀ အရွယ် တိုက်စစ်သမားကို ခေါ်ယူနိုင်ရေး ရေပန်းစားမှုကတော့ ဒေါ့မွန် လက်ထဲမှာပဲ ရှိနေသေးကာ ပီအက်စ်ဂျီနဲ့ လိုက်ဇစ်တို့ကလည်း ဝင်ပါမယ့် အနေအထားမျိုး ရှိနေပါသေးတယ်။

လီဗာပူးက ကစားသမား ၁၅ နှစ်အရွယ်မှာ ကလပ်နဲ့ ကာလတို လာပြီး လေ့ကျင့်ဖို့ ဖိတ်ခေါ်ခဲ့သေးပေမယ့် ဂျာမာန်သားက ဆဲလ်ဘတ်ကိုပဲ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် နွေမှာ ကစားသမားလေးကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းမှ ပေါင် ၃၄ သန်းကြားဖြင့် ခေါ်ယူနိုင်တယ်လို့ သိထားရတယ်။

လီဗာပူးအသင်းနဲ့ ဆဲလ်ဘတ်အဖွဲ့ကြားမှာ အတော်လေး ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိထားတာဖြစ်ပြီး မီနာမီနိုကို ခေါ်ယူမှု ကိစ္စအပြင် အက်ဆာ လေ့ကျင့်ရေး တည်ဆောက်မှုမှာလည်း ကလပ်ဟာ ဆဲလ်ဘတ်ရဲ့ လေ့ကျင့်ရေး စင်တာကို လေ့လာခွင့်တွေ ရယူခဲ့သေးတာဖြစ်ပါတယ်။

အာဒယ်ရယ်မီကတော့ လီဗာပူးက သူ့ကို စိတ်ဝင်စားနေတာကို သိရှိထားပေမယ့် ပုံမှန် ပွဲကစားခွင့်နဲ့အတူ တိုးတက်မှုကို ရှာလိုနေသူဖြစ်တယ်။ ဒီရာသီစတုန်းကပဲ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ အခုလို ဖြေဆိုပေးဖူးပါတယ်။

“ လီဗာပူးက စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းကြားရတာအတွက် ကျနော်ကတော့ သက်သောင့်သက်သာပါပဲ။ ဂုဏ်ယူစရာလို့ ခံစားမိပေမယ့် အဲ့ထက်လည်း မပိုပါဘူး။ ဆဲလ်ဘတ်မှာပဲ ကိုယ်ဘာသာ အာရုံစိုက်နေတယ်။ ကျနေ်ာတို့ အကောင်းဆုံး အတူတကွ ကစားနေပြီး ပြည့်ပြည့်စုံစုံ ကြိုးစားနိုင်နေပါတယ်။

ပထမဆုံးအနေနဲ့ ဆဲလ်ဘတ်မှာပဲ တိုးတက်လာချင်ပါတယ်။ အဲ့နောက်မှာတော့ အနာဂတ်အတွက် ကြည့်သွားရမှာပေါ့ ” လို့ ခါရင်း အာဒယ်ရယ်မီက ဂျာမာန်သတင်းကို ဖြေဆိုပေးခဲ့ပါတယ်။