ဆွာရက်စ်နဲ့ တောရက်စ်မှာ ပိုနှစ်သက်တဲ့ အသင်းဖော်ကို ရွေးချယ်ပေးခဲ့တဲ့ စတီဗင်ဂျရတ်

စတီဗင်ဂျရတ်ဟာ လီဗာပူးမှာ သူတွဲကစားခဲ့ဖူးတဲ့ အကောင်းဆုံး ကစားသမားအဖြစ် ဆွာရက်စ်ကို ရွေးချယ်ပေးခဲ့ပြီး တိုက်စစ်သမားဟာ အသင်းဖော်တွေကိုတောင် ကသိကအောက် ဖြစ်စေတဲ့ အရည်အသွေး ရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆွာရက်စ်ဟာ ၂၀၁၁ ဇန်နဝါရီမှာ အန်ဖီးကို ရောက်ရှိလာခဲ့ပြီး ၃ နှစ်ခွဲ ကစားခဲ့ပြီးတော့ ၂၀၁၄ နွေရာသီမှာ ဘာစီလိုနာကို ထွက်ခွာသွားခဲ့တာပါ။ လီဗာပူးနဲ့ အချိန်တွေအတွင်း ဥရုဂွေးကြယ်ပွင့်ဟာ မရေမတွက်နိုင်တဲ့ ပွဲတွေမှာ သူ့ရဲ့ ပြိုင်ဘက်ကင်း အရည်အသွေးကို သက်သေပြခဲ့ပြီး ၂၀၁၃-၁၄ ရာသီအတွင်း နှိုင်းယှဉ်လို့မရတဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ ထာဝရအကောင်းဆုံး အထောင်တိုက်စစ်မှူးတွေထဲက တစ်ယောက်အဖြစ် အများက သတ်မှတ်ထားတဲ့ အသက် ၃၅ နှစ်အရွယ် ကစားသမားဟာ ဘာစီလိုနာမှာ ကြီးမားတဲ့ အောင်မြင်မှုရခဲ့ပြီး လက်ရှိ အက်သလက်တီကို မက်ဒရစ်မှာလည်း တိုက်စစ် စွမ်းရည်တွေ ပြသနေတုန်း ဖြစ်ပါတယ်။

ဆွာရက်စ်က မယုံနိုင်စရာကောင်းတဲ့ ပါရမီရှင်တစ်ယောက်ဆိုတာ အရင်ဆုံး သိခဲ့တဲ့သူ တစ်ယောက်က ဂျရတ်ဖြစ်ပြီး ဂျရတ်ဟာ ဆွာရက်စ်တစ်ယောက် ဥရောပ အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက်အဖြစ် တိုးတက်လာချိန်အတွင်း အတူတွဲကစားခဲ့တာ ဖြစ်ပါတယ်။

မဆုတ်မနစ် အလုပ်ကြိုးစားမှုနဲ့ ဂိုးရှေ့မှာ သေစေနိုင်လောက်တဲ့ ခြိမ်းခြောက်နိုင်စွမ်းကြောင့် ဆွာရက်စ်ဟာ ပြိုင်ဘက် နောက်ခံလူတွေအပြင် လေ့ကျင့်ရေးမှာ အသင်းဖော်တွေအတွက် အိမ်မက်ဆိုးတစ်ခု ဖြစ်ခဲ့တာပါ။

ဂျရတ်ဟာ သူ့ရဲ့ ရှည်လျားတဲ့ ကစားသမားဘဝအတွင်း ကမ္ဘာ့အဆင့် ကစားသမားများစွာနဲ့ တွဲကစားခဲ့ဖူးပေမယ့် ဆွာရက်စ်ကတော့ အားလုံးထဲမှာ အကောင်းဆုံးပဲလို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဆွာရက်စ်နဲ့ ဖာနန်ဒို တောရက်စ်မှာ တောရက်စ်ကို ပိုမြင့်မားတဲ့ အဆင့်မှာ ထားမလားလို့ ဂယ်ရီနဗီးက မေးမြန်းခဲ့ရာ လက်ရှိ အက်စ်တွန်ဗီလာနည်းပြက

“နှစ်ယောက်လုံးက ထူးခြား အံ့ဩဖွယ်ရာတွေပါ။ ဒါပေမယ့် ဆွာရက်စ်ကိုပဲ ကျွန်တော်ရွေးမယ်။ ဘာလို့လဲဆိုတော့ သူ့မှာ အရာအားလုံး ရှိခဲ့တယ်။ ကျွန်တော် ထိပ်တန်းကစားသမား တချို့နဲ့ တွဲကစားခဲ့ရပါတယ်။ အလွန်ဆို၊ မာရှေယာနို၊ တောရက်စ်တို့ပေါ့။ ဒါပေမယ့် ဆွာရက်စ်ကတော့ ထူးခြားတယ်။

မင်း ဘယ်လိုပြိုင်ဘက်နဲ့ ကစားရပါစေ၊ ဆွာရက်ဇ်က ပွဲကို အနိုင်ယူပေးလိမ့်မယ်ဆိုတာ သိနေတယ်။ ဘယ်ပြိုင်ဘက်မဆိုပေါ့။ သူက ပွဲကစားတဲ့ အတိုင်းပဲ လေ့ကျင့်တယ်။ ကာရေဂါနဲ့အတူ ကျွန်တော်တို့လုပ်ခဲ့တဲ့ အဓိက လေ့ကျင့်ရေးတစ်ခုကို မှတ်မိပါသေးတယ်။

‘ငါဒီကောင်နဲ့ နေ့တိုင်း လေ့ကျင့်ရေးမှာ ရင်မဆိုင်ချင်ဘူး’ လို့ ကာရေဂါက ကျွန်တော့်ကို ပြောတယ်။ ဆွာရက်စ်က လေ့ကျင့်ရေးမှာတောင် ပြင်းပြင်းထန်ထန် ကြိုးစားကစားခဲ့ပြီး သူဘာလုပ်နေမှန်း သူတောင်မသိတဲ့ အရာတွေနဲ့ အသင်းဖော်တွေကို ဒုက္ခပေးနိုင်တယ်။ သူက သေနတ်သမား တစ်ယောက်လိုပဲ။ မင်းဆီ ပြေးလာပြီး၊ မင်းကို လွှမ်းမိုးပြီး အနိုင်ကျင့်မယ့် သူမျိုးပါ ” လို့ ပြောဆိုခဲ့ပါတယ်။

အကောင်းဆုံး ခြေစွမ်းတွေအပြင် ဆွာရက်ဇ်ရဲ့ လီဗာပူးကစားသမားဘဝမှာ အမှောင် အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။ သူ့ကို ကြမ်းတမ်းတဲ့ လူမိုက်တစ်ယောက်အဖြစ် မြင်ကြမှုတွေ ရှိပေမယ့် ဂျရတ်ကတော့ ဆွာရက်စ်ကို သံဃောဇဉ်ကြီးပုံရပြီး အခုလို အနှစ်သက်ဆုံး အသင်းဖော်အဖြစ်ပါ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။