ဒုတိယအကျော့ပွဲအတွက် လီဗာပူးရဲ့ အားနည်းချက်ကို ရှာဖွေထားတယ် ဆိုလာတဲ့ အဲဗာတန်

ဘင်ဖီကာ ကစားသမား အဲဗာတန်က ပထမအကျော့တုန်းက ၃-၁ နဲ့ အရေးနိမ့်ခဲ့ပေမယ့် လီဗာပူးခံစစ်ကို ဖောက်ထွက်နိုင်ဖို့ လေ့လာသုံးသပ်မှုတွေ ပြုလုပ်ထားကြောင်း ပွဲကြိုမှာ ထုတ်ပြောခဲ့ပါတယ်။

ယာဂင်ဟာ ပထမအကျော့မှာတုန်းက ညာအစွန်အဖြစ် ထရန့်ကို သုံးခဲ့ပြီး ညာခြမ်း ခံစစ်မှူးအဖြစ် ကိုနတေးကို ပွဲထုတ်ခဲ့တာပါ။ ဒါပေမယ့် အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရမယ့် ဒုတိယအကျော့ ပွဲစဉ်ကိုတော့ အပြောင်းအလဲ ပြုလုပ်လာနိုင်ပြီး ကိုနတေး အစား မာတစ်ကို ပြန်လည် ပွဲထုတ်နိုင်ပါတယ်။

အဲဗာတန်ကတော့ သူတာဝန်ယူရမယ့် ဘယ်ခြမ်းနေရာမှာ ထိပ်တိုက်တွေ့နေတဲ့ ထရန့်နဲ့ ဗဟိုခံစစ်မှူး အတွဲအကြောင်းကို လေ့လာထားခြင်းဖြစ်တယ်။ ပထမအကျော့မှာတုန်းကတော့ အဲဗာတန်က အန္တရာယ်ကြီး မပေးနိုင်ခဲ့ပေမယ့် အသင်းဖော် တိုက်စစ်သမား နူညက်ကတော့ ကောင်းမွန်တဲ့ ကစားဟန်ကို ပြသခဲ့ပါတယ်။

အဲဗာတန်က “ ပထမပွဲအပြီး ပြိုင်ဘက်အကြောင်းကို လေ့လာသင်ယူမှုတွေ လုပ်ထားတယ်။ ထရန့်နဲ့ ကိုနတေးတို့ရဲ့ တစ်ဦးချင်း အရည်အချင်းတွေကို ပိုကောင်းကောင်း လေ့လာစမ်းစစ်မှုတွေ ပြုလုပ်ထားတယ်။

ဘယ်နေရာက သူတို့ကို ခက်ခဲစေမလဲ၊ အားနည်းချက်က ဘယ်နေရာလဲ ဆိုတာမျိုးတွေ ရှာဖွေထားတယ်။ ဒါမှပဲ ကျနော် ဖောက်ထွက် ကစားနိုင်ပြီး ပရိသတ်တွေကို ပျော်ရွှင်စေဖို့ ညကောင်းတစ်ည ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီပွဲမှာ ထူးထူးခြားခြားအဖြစ်ဆိုရင် ဘင်ဖီကာ ညာတောင်ပံသမား ရာဖာ ဆေးဗား ပါဝင်မှာ မဟုတ်ပါဘူး။ အင်္ဂါနေ့တုန်းက လေ့ကျင့်ရေးမှာ ဒဏ်ရာရခဲ့တာကြောင့် ဒီပွဲကို မပါနိုင်တာလို့ နည်းပြ နယ်ဆန်က ထုတ်ပြောထားတယ်။

လီဗာပူးအသင်းဘက်မှာတော့ မနေ့က ကွင်းဖွင့် လေ့ကျင့်ရေး အစီအစဉ်မှာ သီယေဂို မပါနိုင်ခဲ့ပါဘူး။ စပိန်သား ကွင်းလယ်လူဟာ မန်စီးတီးနဲ့ပွဲမှာ မိနစ် ၉၀ အပြည့် ပါဝင်ကစားခဲ့သူဖြစ်ပြီး အနာပေးခြင်းဖြစ်မလား စောင့်ကြည့်ရမှာပါ။ သူနဲ့ ပတ်သက်လို့ အသင်းဘက်ကတော့ မည်သည့် သတင်းမှတော့ ထုတ်ပြန်လာခြင်း မရှိတာဖြစ်ပါတယ်။