လီဗာပူးအသင်း အဝတ်လဲခန်းမှာ လုံးဝ မပြောကြတဲ့ ကိစ္စ တစ်ခုကို ထုတ်ဖော်သွားတဲ့ ရိုဘို

လီဗာပူးအသင်းဟာ အင်္ဂလန်ဘောလုံးသမိုင်းမှာ မကြုံစဖူး ဖလားလေးလုံး အောင်မြင်မှုမျိုး ရနိုင်နေဆဲဖြစ်ပေမယ့် အဲ့တာက အန်ဖီးအဝတ်လဲခန်း အတွင်းမှာ ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခု မဟုတ်ဘူးလို့ လီဗာပူးနောက်ခံလူ အန်ဒီ ရော်ဘတ်ဆန်က ဆိုပါတယ်။

ဖေဖော်ဝါရီမှာ ကာရာဘောင်းဖလား အောင်မြင်ထားပြီးဖြစ်တဲ့ လီဗာပူးဟာ ဒီရာသီမှာ ဖလားလေးလုံး အောင်မြင်နိုင်ခြေရှိတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပါတယ်။ ဒါပေမယ့် အဲ့အကြောင်း မေးခံရချိန်မှာ ချန်ပီယံလိဂ်မှာ နောက်လာမယ့်ပွဲကိုပဲ အာရုံစိုက်ထားပါတယ်လို့ ရော်ဘတ်ဆန်က ပြောဆိုခဲ့ပါတယ်။

“ ကျွန်တော်တို့က နောက်ပွဲအကြောင်းကိုပဲ ပြောကြပါတယ်။ လာတော့မယ့်ပွဲပေါ့။ အဲ့ဒီ့ထက်ကျော်ပြီး ကြည့်လို့မရဘူး။ နောက်ပွဲအတွက်ပဲ စဉ်းစားမယ်။ အဲ့ဒါက ဘင်ဖီကာနဲ့ပွဲ။ ပြီးမှ နောက်တစ်ပွဲကို ထပ်ပြောင်းကြမယ်။ ကျွန်တော်တို့ အဝတ်လဲခန်းထဲမှာ ဖလားလေးလုံး အကြောင်း ပြောကြတာမျိုး တကယ်ကို မရှိပါဘူး။

ကျွန်တော်တို့ လာမယ့် ဘင်ဖီကာနဲ့ပွဲကိုပဲ အာရုံစိုက်တယ်။ ကျွန်တော်တို့က ဦးဆောင်ထားပေမယ့် နောက်တဆင့် တက်ရောက်ဖို့ သူတို့ကို ကျော်ဖြတ်ဖို့ လိုတယ်။ ဒီပွဲကိုအနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်နိုင်အောင် ကြိုးစားရမှာပါ။ ဒီပွဲပြီးမှ နောက်ပွဲကို အာရုံစိုက်မယ်။

ကျွန်တော်တို့ ပြိုင်ပွဲတိုင်းမှာ တိုက်ပွဲဝင်နေတုန်းပါ။ ပွဲတွေအများကြီး ကစားဖို့ ကျန်ပါသေးတယ်။ ကျွန်တော်တို့ အနိုင်ရပြီး ဆုဖလားတွေနဲ့ အဆုံးသတ်ဖို့ မျှော်လင့်ပါတယ်” လို့ ရောဘတ်ဆန်က ဆိုပါတယ်။

လီဗာပူးဟာ အီသီဟဒ်မှာ နှစ်ကြိမ်တိုင် နောက်က လိုက်ကစားခဲ့ရပြီး အဆုံးသတ်မှာ သရေရလဒ်နဲ့အတူ ဖလားမျှော်လင့်ချက် ဆက်ရှိနေဆဲပါ။ ဒါပေမယ့် လီဗာပူးဟာ ၃ နှစ်အတွင်း ဒုတိယအကြိမ် လိဂ်ဖလား အောင်မြင်ဖို့ မျှော်လင့်ထားရင် နောက်ထပ် အမှတ်တွေ ထပ်လျော့လို့ မရတော့ပါဘူး။

“ ကျွန်တော်တို့ ဆက်ပြီး နိုင်ပွဲတွေရယူဖို့ပဲ လိုပါတယ်။ အခြေအနေက ကျွန်တော်တို့ လက်ထဲမှာ မရှိတော့ဘူး။ စီးတီးက ပွဲအားလုံး အနိုင်ရသွားရင် သူတို့ဖလားဖြစ်သွားပြီ။ ဒါပေမယ့် သူတို့ အမှတ်လျော့ရင် ကျွန်တော်တို့က အခွင့်အရေး ခုန်ယူနိုင်ဖို့ အဆင်သင့် ဖြစ်နေရမယ်။ ဒီအတွက် ပွဲအားလုံး အနိုင်ရရမှာပါ။ အဲ့ဒါ့ပီးရင် မေလမှာ ကြည့်ကြတာပေါ့။

နောက်ဆုံးနှစ် အနည်းငယ်အတွင်း ကျွန်တော်တို့ ရရှိခဲ့တဲ့ အမှတ်တွေက မယုံနိုင်စရာ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး အနိုင်ရမှာက တစ်သင်းတည်းပါ။ ဒါကြောင့် ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်ပြီး ဘာဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါ။ ကျွန်တော်တို့မှာ တကယ်ကို ခက်ခဲတဲ့ပွဲစဉ်တွေ ရှိနေပါတယ်။

အဆုံးသတ်ခါနီးရင် ပရီးမီးယားလိဂ်မှာ ပွဲအားလုံးက ခက်ခဲပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးပုံစံမှာ ရှိနေဖို့ လိုတယ်။ စီးတီးနဲ့ပွဲတုန်းကထက် ပိုကောင်းဖို့ လိုတယ်။ အဆုံးသတ်မှာ တခုခု အောင်မြင်နိုင်ဖို့ မျှော်လင့်ပါတယ်။ တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပြီး အချိန်က စကားပြောပါလိမ့်မယ် ” လို့ ရောဘတ်ဆန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။