ပရီးမီးယားလိဂ်ဖလားက မန်စီးတီး လက်ထဲမှာပါလို့ ဝန်ခံသွားတဲ့ ဟန်ဒါဆန်

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က အမှတ်ပေးဖလား ရေပန်းစားမှုက မန်စီးတီးလက်ထဲမှာပါလို့ ဝန်ခံခဲ့ပြီး ပြိုင်ဘက်အသင်း ခြေချော်ချိန်မှာ အဆင်သင့် ဝင်ယူနိုင်အောင် ပြင်ဆင်ထားရပါမယ်လို့ အသင်းဖော်တွေကို တိုက်တွန်းခဲ့ပါတယ်။

လီဗာပူးက စီးတီးကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ပြီး ၂-၂ ရလဒ် ရယူနိုင်ခဲ့တာက ကောင်းတဲ့ကိစ္စဖြစ်သလို တစ်ဘက်မှာလည်း ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်တော့ ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမယ့်လို့ အကောင်းမြင်မှုတွေနဲ့ ရှေ့ဆက်ပြီး လက်ကျန် ၇ ပွဲမှာ အမှားမခံဖို့ ဟန်ဒါဆန်က မျှော်လင့်နေပါတယ်။

ဟန်ဒါဆန်က ” အီသီဟက်ကို လာပြီး ပွဲကို အနိုင်ကစားလိုခဲ့တယ်။ ဒါပြီးရင်တော့ ကျနော်တို့ အမှတ်ပေးပွဲ ၇ ပွဲ ကစားဖို့ ကျန်ရှိမှာဖြစ်ပါတယ်။ ကံမကောင်းစွာဘဲ အခြေအနေက ကျနော်တို့ လက်ထဲမှာ မဟုတ်တော့ဘဲ မန်စီးတီးရဲ့ လက်ထဲမှာဖြစ်ပါတယ်။

ကျနော်တို့ အဆုံးထိ ဆက်ပြီး ယှဉ်ပြိုင်သွားပါမယ်။ အကယ်လို့ မန်စီးတီးက ခြေချော်ခဲ့မယ်ဆိုရင် သူတို့နေရာ ခုန်ယူဖို့ အဆင်သင့် ဖြစ်နေဖို့ လိုပါတယ်။ ဒါက ကျနော်တို့ရဲ့ စိတ်ဓါတ်ပိုင်း ဖြစ်ပါတယ်။

ခံစားချက်တွေ ရောမွေနေပါတယ်။ ကျနော်တို့ ၃ မှတ် ရလိုခဲ့တယ်။ ဒါပေမယ့် သိပ်သိပ်သည်းသည်း ကစားခဲ့ရပြီး မရှုံးအောင် အားထုတ်ခဲ့ရတယ်။ ဒီပွဲမှာ မရှုံးဖို့ကလည်း အရေးပါပါတယ်။ ကျနော်တို့ အကောင်းမြင်မှုတွေနဲ့ ရှေ့ဆက်ရပါမယ်။ နောက်ပွဲအတွက် အဆင်သင့် ဖြစ်နေရပါမယ်။

ဒီအဆင့်မှာ ဒီပွဲက ပြင်းထန်တဲ့ပွဲဖြစ်ခဲ့တယ်။ အထူးသဖြင့် ပွဲအစောပိုင်းမှာပေါ့။ ကျနော်တို့ ဒီထက် ပိုကောင်းကောင်း ပွဲကို စတင်နိုင်ပါတယ်။ ဒါပေမယ့် မျှမျှတတ ပြောရမယ်ဆိုရင် နှစ်ကြိမ်တောင် နောက်က လိုက်ကစားရပြီး နှစ်ကြိမ်တိုင် တုန့်ပြန်နိုင်ခဲ့တယ်။ ဒါက သိပ်ကို အကောင်းမြင်စရာပါပဲ။ ခက်ခဲတဲ့ အခိုက်အတန့်တွေမှာ ဆက်ပြီး ယှဉ်ပြိုင်နိုင်တယ်ဆိုတဲ့ စရိုက်ကောင်းကို ပြသခဲ့ပါတယ်။

တစ်ချိန်တည်းမှာ ကျနော်တို့ ပိုကောင်းလာနိုင်တယ်။ ဘောလုံးနဲ့အတူ ပိုကောင်းလာနိုင်တယ်။ ကျနော်တို့ ဘောလုံးကစားချိန်မှာ သူတို့ကို နာကျင်စေတယ်လို့ ခံစားရတယ်။ ဒီလိုကနေပဲ ဂိုးတွေ ရခဲ့တာပါပဲ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဘင်ဖီကာနဲ့ပွဲအပြီး မန်စီးတီးနဲ့ပဲ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲကို ယှဉ်ပြိုင်ရမှာဖြစ်တယ်။ အဲ့ပွဲတွေအပြီး ယူနိုက်တက်၊ အဲဗာတန်တို့ကို အိမ်ကွင်း အန်ဖီးမှာ ယှဉ်ပြိုင်ပြီးရင်တော့ အမှတ်ပေးဇယားအတွက် နေရာကောင်းမှာ ဆက်ရှိနေကာ မန်စီးတီးကို ဖိအားပေးခြင်းနဲ့အတူ ဧပြီလကို ကျော်ဖြတ်ရမှာပဲ ဖြစ်ပါတယ်။