ရိုက်စ်က ဖာဘင်ညိုထက် သာတယ်ဆိုတဲ့ ဝီရှီးယာကို လီဗာပူး ပရိသတ်တွေ တုန့်ပြန်

အာဆင်နယ် ကွင်းလယ်လူဟောင်း ဂျက်ဝီရှီးယားဟာ ဒက်ကလန် ရိုက်စ်က ဖာဘင်ညိုထက် ပိုကောင်းတဲ့ ကွင်းလယ်ခံစစ်သမားဖြစ်တယ်လို့ ပြောဆိုမှုကို လီဗာပူးပရိသတ်တွေက လုံးဝကို ကန့်ကွက်ခဲ့ကြပါတယ်။

ရိုက်စ်ဟာ ဒီရာသီ ထိပ်ဆုံးလေးသင်းနေရာအတွက် စိန်ခေါ်နေတဲ့ ဝက်စ်ဟမ်းအတွက် တောက်ပပေးခဲ့သူပါ။ သူဟာ မိုယက်စ်လက်အောက် ပုံမှန်ပွဲထွက်သူတစ်ယောက် ဖြစ်လာခဲ့ပြီး တချို့ပွဲတွေမှာ အသင်းခေါင်းဆောင်တောင် ဖြစ်ခဲ့ပါတယ်။

ကွင်းလယ်လူဟာ နိုင်ငံအဆင့်မှာလည်း တောက်ပခဲ့ပြီး အခု ဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန် အသင်းမှာ အဓိက ကစားသမားတစ်ယောက် ဖြစ်နေတာပါ။ ဟမ်းမားစ်တွေအတွက် ရိုက်စ်ရဲ့ စွမ်းဆောင်ရည်တွေအရ သူ့တန်ကြေးကို ပေါင်သန်း ၁၅၀ သတ်မှတ်ထားခဲ့တာပါ။

ရိုက်စ်ဟာ သူရရှိထားတဲ့ ချီးကျူးမှုတွေအားလုံးနဲ့ ထိုက်တန်တယ်လို့ ဝီရှီးယားက ထင်မြင်နေပြီး ရိုက်စ်ဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

” အခုချိန်မှာ ဒီကလန်ရိုက်စ်ထက် ပိုကောင်းတဲ့ ကွင်းလယ်ခံစစ်တစ်ယောက်ကို ပြောကြည့်။ ဒက်စ် လုပ်နိုင်တာထက် ပိုလုပ်နိုင်တဲ့ တယောက်ယောက်ကို စဉ်းစားလို့ မရနိုင်ဘူး” လို့ ၎င်းက တွစ်တာကနေ ခပ်ကဲကဲလေး ဆိုခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒီ့စကားကို လီဗာပူး ပရိသတ်တွေက ကန့်ကွက်ခဲ့တာပါ။ ” ဒါဆို နှစ်အနည်းငယ်လောက် ဖာဘင်ညို လုပ်ပြခဲ့တဲ့ အရာတွေကို မင်းမမြင်ခဲ့တာလား” လို့ လီဗာပူးပရိသတ် တစ်ဦးက ဝီရှီးယားကို တုံ့ပြန်ခဲ့ပါတယ်။

ဝီရှီးယားက သူ့စကားကို တပြားမှ အလျှော့မပေးခဲ့ပါဘူး။ “ဒက်စ်လို လွှမ်းမိုးနိုင်စွမ်း ရှိလို့လား။ ဒက်စ်က ဖာဘင်ညို လုပ်နိုင်တာ မှန်သမျှရော၊ ဖာဘင်ညို ထက်ရော ပိုလုပ်နိုင်တယ်” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဝီရှီးယားဟာ ၂၀၁၈ ကနေ ၂၀၂၀ အတွင်း ရိုက်စ်နဲ့ တွဲကစားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သူ့အသင်းဖော်ဟောင်းကို ဘက်လိုက်ပြီး ပြောဆိုတာဖြစ်နိုင်ပေမယ့် ရိုက်စ်က ဖာဘင်ညိုထက် ပိုကောင်းတယ်ဆိုတဲ့ သူ့အမြင်ကို နည်းနည်းလေးတောင် အလျှော့မပေးခဲ့ဖို့ ဆုံးဖြတ်တဲ့နောက် လီဗာပူး ပရိသတ်တွေဘက်ကလည်း ဆက်တိုက် တုန့်ပြန်ခဲ့ကြတယ်။

” အဲ့ဒါက လုံးဝမမှန်ဘူး။ ရိုက်စ် အဆင့်အတန်းတခု ရှိပေမယ့် ဖာဘင်ညိုကမှ ကမ္ဘာ့အကောင်းဆုံးပါ ” လို့ ပရိသတ်တယောက်က မှတ်ချက်ပေးခဲ့ပါတယ်။

အခြားတစ်ယောက်က “ဝီရှီးယားရဲ့ တွစ်တာပို့စ်က အခု 2022 မှ ရေးတာမဟုတ်ပဲ 2016 တုန်းက ရေးထားတာများ ဖြစ်နေမလား ” လို့ ဝင်ပြီး မှတ်ချက်ပြုခဲ့တယ်။

” ဖာဘင်ညိုက ဖျက်ထုတ်နိုင်တယ်၊ အနီး အဝေး ပေးပို့မှုတွေ လုပ်နိုင်တယ်၊ ဖန်တီးနိုင်တယ်၊ ဂိုးသွင်းနိုင်တယ်၊ ကစားသမားတွေကို လိမ်ခေါက်ကျော်ဖြတ်နိုင်တယ်။ ဖာဘင်ညို မလုပ်နိုင်ဘဲ ရိုက်စ်လုပ်နိုင်တာ ဘာရှိလဲ။ ”

” ဂျက်ရေ ရူးကြောင်ကြောင် မလုပ်ပါနဲ့။ ဖာဘင်ညိုက ရိုက်စ်ထက် ၁၀ ဆ သာတယ်။ ရိုက်စ် မင်းရဲ့အသင်းဖော် မဟုတ်ခဲ့ရင် ဒီနှိုင်းယှဉ်မှုအတွင်း စကားထဲ ထည့်ပြောစရာတောင် မဟုတ်ဘူး။ ”

” ဖာဘင်ညိုက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ခံစစ်ပါ။ အနည်းဆုံး ထိပ်ဆုံးသုံးယောက်ထဲ ဝင်တယ်။ ဒီလိုအဆင့်အတန်းကို လွန်ခဲ့တဲ့ လေးငါးနှစ်လုံး ပြသခဲ့တာပါ။ ” စသဖြင့် ပရိသတ်များစွာက ဝီရှီးယာကို တုန့်ပြန် ပြောဆိုခဲ့ကြပါတယ်။