ဆုဖလားတွေ အောင်မြင်ရေး ဖိအားကို ဘယ်လို ရင်ဆိုင်မလဲ အတွက် ကလော့ပ် တုန့်ပြန်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီရာသီ ဆုဖလားလေးလုံး အောင်မြင်နိုင်တဲ့ ပထမဆုံးသော အင်္ဂလန်ကလပ်ဖြစ်လာနိုင်တဲ့ အနေအထားကို ဖိအားလို့ မမြင်ဘဲ အခွင့်အရေးလို့ မြင်ထားပါတယ်။

လက်ရှိ လီဗာပူးအသင်းမှာ တစ်ရာသီ ဆုဖလား ၃ လုံးလောက်ကို အောင်မြင်ဖူးတဲ့ ကစားသမားဆိုလို့ သီယေဂို တစ်ဦးတည်း ရှိတာဖြစ်ပါတယ်။ သီယေဂိုဟာ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့မှာ အဲ့လို ကိစ္စတွေကို လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ အသင်းသားတွေက ဆုဖလားတိုင်းကို စိန်ခေါ်နိုင်တဲ့ အသင်းဖြစ်လာဖို့ကို အတူတကွ ကြိုးစားလာခဲ့ကြတာဖြစ်ပါတယ်။

မန်စီးတီးကို စိန်ခေါ်ပြီး ဆုဖလားတွေကို မျှော်လင့်လို့ရနေတာအတွက် ယာဂင်ကလော့ပ်က ” ကျွန်တော်တို့က အသင်းကောင်းတစ်သင်းပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်တွေတုန်းက သီယေဂို ကလွဲရင် အသင်းမှာရှိတဲ့ ကစားသမားတွေဟာ ဆုဖလားအားလုံး အောင်မြင်နိုင်တဲ့ အသင်းတစ်သင်းမှာ ပါဝင်ရဖို့ ဆိုတာမျိုးကို အိမ်မက်မက်နိုင်ခဲ့မယ်တောင် မထင်ပါဘူး။

မို၊ ဆာဒီယိုတို့မှာ အဲ့ဒီ့လို အိမ်မက်တွေ ရှိခဲ့ကောင်း ရှိနိုင်ပါတယ်။ ကျွန်တော်တို့က ဒီအသင်းမှာ အတူတကွ တိုးတက်လာခဲ့တာပါ။ ကျွန်တော် ငယ်ငယ်တုန်းက ဆုဖလားတိုင်း စိန်ခေါ်နိုင်ရမယ်ဆိုတဲ့ အိမ်မက်မျိုး မရှိခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်တို့ အားလုံးအတူတူ တိုးတက်လာခဲ့တယ်။ ဒါက ပိုပြီး ပျော်ရွှင် ကျေနပ်စရာ ကောင်းစေပါတယ်။

ရမှတ် တစ်မှတ်ကြောင့် ချန်ပီယံဖြစ်မလာတာ ဒါမှမဟုတ် ပြီးခဲ့တဲ့ ပွဲတွေက ဘယ်လောက် သက်ရောက်ရှိခဲ့တယ် ဆိုတာမျိုးနဲ့ မန်စီးတီးနဲ့ပွဲက ဘယ်လို သက်ရောက်မှု ရှိလာမလဲ ဆိုတဲ့ ကိစ္စတွေကြောင့် ကိုယ့်ကိုယ်ကို ကြီးကျယ်နေပြီလို့ တွေးလို့မရပါဘူး။ အခုလို စိန်ခေါ်နိုင်နေတာက ကျွန်တော်တို့က မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပြီဆိုတာ ပြသနေတာပါ။

ဒီလို အချက်အလက်လေးတွေက အရေးကြီးပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကျွန်တော်တို့ လုပ်ခဲ့တာတွေက မှန်ကန်ကြောင်း သက်သေပြနေတာပါပဲ။ ကျွန်တော်တို့က နောက်တဆင့်ကို တက်လှမ်းဖို့ ဖြစ်နိုင်နေပါပြီ။ နောက်တဆင့် ရောက်ရင် အားလုံးအတွက် တကယ်ကို ကြီးမားတဲ့ တစုံတခု ရှိနေပါတယ်။ ဒါက ကျွန်တော်တို့ ဘယ်လောက် တိုးတက်လာခဲ့တယ်ဆိုတဲ့ သက်သေပဲ။ တကယ်မိုက်ပါတယ်။

ဘာတစ်ခုမှတော့ အာမခံချက် မပေးနိုင်ပေမယ့် အခွင့်အရေးတစ်ခု ရလာပါတယ်။ ဘဝမှာ ဘယ်တော့မှ အခွင့်အရေး တစ်ခုထက် ပိုပြီး မလိုအပ်ပါဘူး။ အခွင့်အရေး တစ်ကြိမ်ရှိရင် ကြိုးစားသင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါက အခု ကျွန်တော်တို့ရဲ့ အခြေအနေပါပဲ။ ကျွန်တော်တို့မှာ ဖိအားမရှိဘူး။ အခွင့်အရေးပဲရှိတယ်။ ဒါကြောင့် တိုက်ပွဲဝင်ကြမယ်။ ဘယ်နေရာမှာ ကျွန်တော်တို့ အဆုံးသတ်မလဲဆိုတာ ကြည့်ကြတာပေါ့ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။