သူများတွေ အထင်ကြီးဖို့ထက် ကမ္ဘာအကောင်းဆုံး အသင်းတွေကို အနိုင်ယူနိုင်တဲ့ အသင်းပဲ ဖြစ်ချင်တဲ့ ယာဂင်

ဒီအပတ် ပရီးမီးယားလိဂ်ပွဲအဖြစ် မန်ချက်စတာ စီးတီးနဲ့ တွေ့ဆုံမှု မတိုင်ခင်မှာဘဲ လီဗာပူးအတွက် ဖိအားဆိုတာ မရှိဘဲ အခွင့်အရေးပဲ ရှိတယ်လို့ နည်းပြ ယာဂင်ကလော့ပ်က ဆိုပါတယ်။

လီဗာပူးဟာ အမှတ်ပေးပွဲစဉ် ၈ ပွဲကျန်ချိန်မှာ အမှတ်ပေးဖလား ပြိုင်ပွဲအတွင်း ပက်ဂွာဒီယိုလာရဲ့ အသင်းနဲ့ တစ်မှတ်သာ ကွာဟနေသလို တနင်္ဂနွေနေ့မှာ အီသီဟဒ်ကို သွားကစားရမှာ ဖြစ်ပါတယ်။ ဒီကာလတွေအတွင်းမှာ လီဗာပူးအသင်းဟာ မန်စီးတီးနဲ့ အမှတ်ကွာဟချက်တွေ လျှော့ချနိုင်ဖို့ နောက်ဆုံး ပရီးမီးယားလိဂ် ၁၀ ပွဲဆက် အနိုင်ရအောင် အပြင်းအထန် အားထုတ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့အပတ်က ဝက်ဖို့ဒ်ကို အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ကို ခဏတက်ခဲ့တာက ၄ လအတွင်း ပထမဆုံးအကြိမ် ဇယားထိပ်ကို ရောက်မှု ဖြစ်ခဲ့တယ်။ အဲ့နောက် နာရီပိုင်း အကြာမှာပဲ စီးတီးက ဘန်လေကို အနိုင်ကစားပြီး ထိပ်ဆုံးနေရာကို ပြန်ရသွားခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ်ကတော့ လက်ကျန် ဘောလုံးရာသီအတွင်း ဆုဖလားပြိုင်ပွဲစုံ ယှဉ်ပြိုင်နေရတာဟာ ရာသီတစ်လျှောက် ကြိုးစားလာမှုကြောင့်ပါလို့ ပြောပြခဲ့ပါတယ်။ ဒီရာသီရဲ့ အရေးကြီးဆုံး ကာလကို ရောက်နေပေမယ့် ဘယ်ပြိုင်ပွဲမှာမဆို လီဗာပူးအသင်းက ဖလားအနိုင်ရမယ်လို့ ရေပန်းမစားပါကြောင်းနဲ့ အသင်းကလည်း ရေပန်းစားဖို့ စိတ်မဝင်စားပါဘူးလို့ ဆက်ပြောခဲ့ပါတယ်။

ကလော့ပ်ကပဲ ” ဒီရာသီအတွင်း အချိန်အများစုကို အခုလို အဆုံးအဖြတ် ကာလအတွက် အခြေခံကောင်းရဖို့ ကြိုးစားခဲ့ရပါတယ်။ အခု အရေးအကြီးဆုံးကာလ ရောက်လာနေပြီဆိုတာ ကျွန်တော် မငြင်းပါဘူး။ ဒီအတွက် ကျွန်တော်တို့က ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘယ်ပြိုင်ပွဲမှာမှ ကျွန်တော်တို့အသင်း ရေပန်းမစားပါဘူး။

ရေပန်းစားတဲ့ အသင်းဖြစ်ဖို့ကို ကျွန်တော်ကလည်း သိပ်စိတ်မဝင်စားဘူး။ ကျွန်တော်တို့ ဒါကို သေချာပေါက် အောင်မြင်ရမယ်ဆိုပြီး တခြားလူတွေ ထင်နေဖို့ မလိုအပ်ပါဘူး။ ကျွန်တော်က ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ အသင်းကို အနိုင်ယူနိုင်တဲ့ အသင်းတစ်သင်းပဲ အမြဲဖြစ်ချင်ခဲ့တာပါ။ ကျွန်တော်တို့ အဲ့လိုလုပ်နိုင်တယ်လို့ ထင်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ လုပ်ပြနိုင်တယ်ဆိုတာ ပြသဖို့ ပွဲတွေများကြီး အနိုင်ယူရမယ်။ မကြာခင်မှာ ဖိုင်နယ်လိုမျိုး တကယ်ကို အရေးပါတဲ့ အချိန်တွေ ရောက်လာတော့မှာပါ။ ခရီးက အဝေးကြီး ကျန်နေသေးပေမယ့် အခြေခံကောင်းရဖို့ လုပ်လာခဲ့တာက လုံးဝအဆင်ပြေပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။