ချန်ပီယံလိဂ်မှာ မက်ဆီရဲ့ မှတ်တမ်းကို ကျော်ဖြတ်ပြီး ရော်နယ်ဒိုနဲ့ တန်းညီသွားတဲ့ မာနေး

ဘင်ဖီကာကို အဝေးကွင်းသွားကစားပြီး ၃-၁ အနိုင်ရတဲ့ပွဲမှာ သွင်းဂိုး တစ်ဂိုး ရခဲ့တဲ့ မာနေးဟာ အံ့မခန်း မှတ်တမ်းတစ်ခုကို စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။

အဖွင့်ဂိုးကို ကိုနတေး၊ ဒုတိယဂိုးကို မာနေးနဲ့ တတိယဂိုးကို ဒီယက်စ်တို့က သွင်းယူခဲ့တာပါ။ ဒီပွဲမှာ ဂိုးရခြင်းကြောင့် မာနေးဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီကနေ စတင်ခဲ့ကတည်း ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ သွင်းဂိုး ၁၃ ဂိုးထိ ရထားပြီဖြစ်တယ်။ ဒါဟာ တူညီတဲ့ ကာလမှာ မက်ဆီ သွင်းယူထားတဲ့ သွင်းဂိုး ၁၂ ဂိုးကို ကျော်လွန်ခဲ့ပါတယ်။

ဒါ့အပြင် မာနေးရဲ့ သွင်းဂိုး ၁၃ ဂိုးဟာ တူညီတဲ့ ကာလမှာ ရော်နယ်ဒို သွင်းယူထားတဲ့ သွင်းဂိုး အရည်အတွက်နဲ့လည်း တူညီသွားခဲ့တာပါ။ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီကစလို့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ မာနေးထက် သွင်းဂိုး ပိုများတဲ့ တိုက်စစ်သမားလည်း တစ်ဦးမှ မရှိတာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ မာနေးက ” အမြဲ ပြောခဲ့သလိုပဲ နိုင်ပွဲရတာက ပိုအရေးကြီးပါတယ်။ သွင်းဂိုးရတာအတွက် ပျော်ပါတယ်။ ဒါပေမယ့် အသင်းက ၃ ဂိုးသွင်းနိုင်ပြီး နောက်ထပ် ပွဲတွေအတွက် ကျနော်တို့ အဆင်သင့်ဖြစ်နေပါပြီ ” လို့ ထုတ်ပြောသွားခဲ့တယ်။

သီခြား မှတ်တမ်းကောင်းအဖြစ် မာနေးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၂ ဂိုး ရခဲ့ပြီဖြစ်ကာ လီဗာပူးဂန္တဝင်ကြီး စတီဗင်ဂျရတ်ရဲ့ ပြိုင်ပွဲတစ်လျှောက် သွင်းဂိုး ၂၁ ဂိုးကို ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပထမပိုင်းမှာ ကစားပုံ သိပ်ကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ လိုအပ်ချက် အချို့ ရှိခဲ့တာနဲ့အတူ ခြေပဂိုး တစ်ဂိုး ပြန်ပေးခဲ့ရပါတယ်။ ဒါပေမယ့်လို့ ပေါ်တူဂီလိဂ် ကစားသမားဟောင်း ဒီယက်စ်ကပဲ ပြိုင်ဘက်ဟောင်းကို ဂိုးသွင်းယူကာ လီဗာပူးကို ဂိုးပြတ်နိုင်ပွဲရဖို့ အကူအညီ ပေးနိုင်ခဲ့တာပါ။

ပွဲအပြီးမှာ အကောင်းဆုံး ကစားသမားဆုသွားတဲ့ ဒီယက်စ်က အင်တာဗျူး လာဖြေနေစဉ် မာနေး ရောက်လာခဲ့ပြီး ကျေးဇူးတင်တဲ့ အပြုအမှုကို လာလုပ်သွားခဲ့တာဖြစ်တယ်။ မာနေးနဲ့ ဆာလာတို့ဟာ နိုင်ငံပွဲကြောင့် ပွဲဆက်များနေတဲ့အပြင် ဘာသာရေးအရလည်း ဥပုသ်ကာလဖြစ်လို့ အပြည့်အဝ အားထုတ်ကစားဖို့ အနည်းငယ် ရုန်းကန်နေရတာဖြစ်ပါတယ်။