မီးခြစ်တွေနဲ့ ဝိုင်းပေါက်တဲ့ ဘင်ဖီကာ ပရိသတ်တွေကို အပြစ်တင်မနေဘဲ ကောင်းတဲ့ဘက်က ကြည့်သွားတဲ့ ရိုဘို

လီဗာပူး ဘယ်စွန်ခံစစ်သမား အန်ဒီ ရော်ဘတ်ဆန်ဟာ ညက ဘင်ဖီကာနဲ့ ပွဲ ပွဲပြီးခါနီး ထောင့်ကန်ဘော ကန်ချိန်မှာ ဘင်ဖီကာ ပရိသတ်တွေက မီးခြစ်တွေနဲ့ ပစ်ပေါက်တာ ခံခဲ့ရပါတယ်။

ရော်ဘတ်ဆန်ကတော့ ထို ဖြစ်ရပ်အပေါ် ပြစ်တင်ဝေဖန်နေဖို့ထက် အနည်းဆုံး သူတို့တွေ ဆေးလိပ် မသောက်နိုင်တော့ဘူး ပေါ့လို့ ပေါ့ပေါ့ပါးပါးပဲ ပွဲအပြီးမှာ တုန့်ပြန် ပြောဆိုသွားခဲ့ပါတယ်။

” ပွဲကတော့ ခက်ခဲပါတယ်။ ပွဲချိန် ပထမပိုင်းမှာ ကျနေ်ာတို့ သွင်းဂိုး ၂ဂိုးလောက်တောင် ထပ်ရနိုင်ခဲ့တာ။ အဲဒီနောက် ကျနော်တို့ သေချာ ပိတ် ကစားဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် သူတို့ တစ်ဂိုး ရသွားပြီး ပရိသတ်တွေက တော်တော် တက်ကြွသွားပုံပဲ။ ကျနော်တို့ နည်းနည်းလည်း ကပျက်ကချော် နိုင်ခဲ့တာပါ။ တတိယဂိုးကတော့ တကယ့် အသက်ပဲ။

လူးဝစ် ဒီယက်စ်ကတော့ ပွဲစတည်းက ဧည့်ခံမှုကောင်းကောင်း တွေ့ခဲ့တာပဲ။ သူက ဘင်ဖီကာရဲ့ ပြိုင်ဘက် တစ်သင်းမှာ ကစားခဲ့တဲ့ သူကိုး။ ဒါပေမယ့် သူ သွင်းဂိုးကောင်း ရလိုက်တာနဲ့ ၂ဂိုးပြတ် ဦးဆောင်နိုင်လိုက်တာက အတော် တာ သွားတယ်။ ကျနော်တို့ နောက်ပွဲမှာလည်း အလုပ် ပြီးအောင် လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။

ကျနော် ထောင့်ကန်ဘော ကန်တုန်းက မီးခြစ်တချို့နဲ့ ဝိုင်း ပစ်ပေါက်တာ ခံရသေးတယ်။ ဒါပေမယ့် ဒါက အနည်းဆုံးတော့ သူတို့ ဆေးလိပ် မသောက်နိုင်တော့ဘူးပေါ့။ အဲဒီလိုပဲ ကောင်းတဲ့ဘက်က ကြည့်ရအောင်ပါ။

ဒါပေမယ့် ကွင်းထဲကို အဲဒီလို ပစ္စည်းတွေနဲ့ မပေါက်သင့်ဘူးပေါ့ဗျာ။ လူတွေ ထိခိုက်မိကုန်မယ်။ ကျနော်ကတော့ ကံကောင်းပြီး ဘာမှ မထိခဲ့ဘူး။ ” လို့ ရော်ဘတ်ဆန်က ပြောဆိုခဲ့ပါတယ်။

ရော်ဘတ်ဆန်ရဲ့ ထောင့်ကန်ဘောတွေကတော့ ဘင်ဖီကာ ပရိသတ်တွေ အတွက် မီးခြစ်နဲ့ ကောက်ပေါက်ခံရတာထက် ပိုမို နာကျင်စေမှာ အမှန်ပါ။ စကော့သားဟာ ကိုနိတ်ရဲ့ အဖွင့်ဂိုး အတွက် ထောက်ပံ့ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။