ဒီယက်စ် နောက်ကျသွင်းဂိုးနဲ့ ဘင်ဖီကာကို ဂိုးပြတ် အနိုင်ယူပြီး ဆီမီးကို ခြေတစ်လှမ်းနင်းတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဘင်ဖီကာကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို အီဘူး၊ မာနေး၊ ဒီကယ်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။

ဒီပွဲမှာတော့ ထရန့်၊ အီဘူးနဲ့ ကိတ်တာတို့ ပွဲထွက်လူစာရင်းက ပါဝင်လာခဲ့ကာ တိုက်စစ်မှာတော့ ဆာလာ၊ မာနေး၊ ဒီယက်စ် အတွဲကို ထုတ်သုံးခဲ့တယ်။ အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ ခံစစ်မှူးမာတစ်တို့ ပွဲထွက်လူစာရင်းက အနာပေးခံခဲ့ရပါတယ်။ တောင့်တင်းပြီး တိုက်စစ်အားသန် အသင်းသားတွေ ပွဲထွက်လာတာနဲ့အတူ ကစားပုံက မြိုင်ခဲ့ပါတယ်။

ပွဲအစပိုင်းမှာ တန်ပိုကို မတင်နိုင်ပေမယ့် ပွဲကစားချိန် ကြာလာလေ လီဗာပူးက ပိုပြီး လွှမ်းမိုး ကစားနိုင်လေ ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ သိသိသာသာ ကောင်းတာက ဘောလုံး ဆုံးရှုံးချိန် ပြန်ဆယ်မှု သိပ်မြန်ခြင်းဖြစ်ပြီး ဘင်ဖီကာဘက်က ၃ ကြိမ်ထက်ပိုပြီး ဘောလုံးကိုင်ခွင့် မရခဲ့တာပါပဲ။ ဒီပွဲ ပထမပိုင်းမှာ သီယေဂိုနဲ့ ကိတ်တာက သိပ်ကောင်းခဲ့တယ်။

ကွင်းလယ်လူနှစ်ဦးဟာ ဘောလုံး အမြင် သိပ်ကောင်းသလို ပွဲကိုလည်း အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ သီယေဂိုရဲ့ အဖြန့် ကစားမှုနဲ့ ကိတ်တာရဲ့ အလှုပ် ကစားမှုမှာ ဘင်ဖီကာဘက်က အတော်လေး တိုင်ပတ်နေခဲ့တာပါ။ သူတို့နှစ်ယောက် ကစားတာ ဘယ်လောက်ကောင်းလဲဆို တခါတခါ အသင်းဖော်တွေတောင် သူတို့ ပေးမယ်လို့ မထင်လို့ ဆက် မကစားခဲ့ဘဲ အခွင့်အရေး ဆုံးရှုံးတာတွေတောင် ရှိခဲ့ပါတယ်။

ပထမပိုင်းမှာ အသင်းက ကစားလို့ ကောင်းကောင်းနဲ့ တိုက်စစ်ကို တင်ကစားတာကြောင့် အရှိန်အရမ်းမြန်ပြီး ဟန်ချက်ညီမှုကို မထိန်းနိုင်တော့ပါဘူး။ အဲ့ကြောင့်ပဲ အပေးမှာတာ နေရာလွတ်ပေါ်တာတွေ ဖြစ်နေခဲ့တယ်။ တောင်ပံက ပေးချက်တွေက အားနည်းနည်းလျော့ခဲ့မယ်၊ ဆာလာ ပိတ်ချက်နဲ့ ဒီယက်စ် ပိတ်ချက်တွေ ပိုတိကျခဲ့မယ်ဆိုရင် ပထမပိုင်းအတွင်း ၄ ဂိုးလောက်ကို ရသင့်ပါတယ်။

အဖွင့်ဂိုးက ရိုဘိုရဲ့ ထောင့်ကန်ဘောကို အီဘူး အကောင်းဆုံး ခေါင်းတိုက် ပိတ်သွင်းတာဖြစ်ပြီး ဒုတိယဂိုးကတော့ ထရန့်ရဲ့ လက်ဖျားခါလောက်တဲ့ ပေးချက်ကို ဒီယက်စ် ခေါင်းတိုက် ချပေးရာကနေ မာနေး နေရာယူမှန်မှန်နဲ့ ပိတ်သွင်းခဲ့တာဖြစ်တယ်။

ပထမပိုင်းမှာ လီဗာပူးက ကစားကွက် အလန်းကြီးတွေကို ကစားပြနေခဲ့ပြီး ၂-၀ ဖြစ်မှ ဘောလုံး ငြိမ်ငြိမ်ထား ကစားခဲ့တာပါ။ သမ္ဘာတွေနဲ့ပါ တွဲကစားနေတာကြီးက တော်တော်ကြည့်လို အဆင်ပြေပြီး စိတ်ချမ်းသာဖို့ ကောင်းပါတယ်။

ဒုတိယပိုင်းမှာတော့ အသင်းက ယိုင်တိုင်တိုင်နဲ့ ပွဲကို စခဲ့ပါတယ်။ ပထမပိုင်း တင်ကစားခဲ့သလောက် ဒုတိယပိုင်း ဟန်ချက်ပျက်ခဲ့တာကို မြင်ရတယ်။ ကိုနတေး ပထမပိုင်းမှာ အတော်လေး ကောင်းခဲ့ပေမယ့် တောင်ပံက ဖြတ်တင်ဘောကို ရှင်းထုတ်ရာ ဘောလုံး မထိခဲ့တာကနေ နူးညက်က အခွင့်အရေးရပြီး ဧရိယာထဲ ပိတ်သွင်းခဲ့ပါတယ်။

ခြေပဂိုး ပေးလိုက်ရသလို ဘင်ဖီကာကို အခွင့်အရေး အနည်းငယ်ပါ ပေးနေခဲ့တာကြောင့် ပြိုင်ဘက်က စိတ်ဓါတ် ပြန်တက်ကြွလာခဲ့တယ်။ အချို့အခိုက်မှာ လီဗာပူးအသင်း အောက်စည်း ရောက်လု ဖြစ်ခဲ့ပေမယ့် ပွဲချိန် အများအပြားမှာတော့ ပိုင်ဆိုင်မှု ထိန်းချုပ်ကာ လွှမ်းမိုး ကစားနိုင်ဆဲဖြစ်ခဲ့ပါတယ်။

မိနစ် ၆၀ အကျော်မှာ ကစားပုံကျနေတဲ့ ဆာလာ၊ မာနေး၊ သီယေဂို နေရာတွေမှာ ဖာမင်နို၊ ဂျိုတာနဲ့ ဟန်ဒါဆန် လူစားဝင်လာခဲ့တယ်။ ကစားပုံ တည်ငြိမ်လာပြီး ဟန်ဒါဆန်ရဲ့ ဖန်တီးပေးမှု ၂ ကြိမ်လောက်ကို ဒီယက်စ် ပိတ်သွင်းပေမယ့် လိုအပ်ချက် ရှိနေခဲ့ပါတယ်။ ၂-၁ နဲ့ ပြီးမလိုဖြစ်နေရင်း ကိတ်တာရဲ့ အကွက်မြင်မြင် အလယ်ကြောက ဖြန့်ပေးမှုကို ဒီယက်စ် ခံစစ်နဲ့ ဂိုးသမားကို ကျော်ဖြတ်ရင်း ပိတ်သွင်းပေးခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ဒုတိယအကျော့အဖြစ် ဘင်ဖီကာကို ဧည့်ခံရမှာဖြစ်တဲ့ လီဗာပူးဟာ တနင်္ဂနွေနေ့ မန်စီးတီးပွဲကို ဖိအားအနည်းငယ် လျော့နည်းစွာဖြင့် အာရုံစိုက် ယှဉ်ပြိုင်နိုင်ပြီဖြစ်ပါတယ်။