မကန်ခင်မှာတင် လီဗာပူးက နိုင်နေသလို တင်စား ချဲ့ကားနေသူတွေကို ကလော့ပ် သတိပေးပါပြီ

ပရီးမီးယားလိဂ်မှာ အဆင့် တစ် နေရာ ရခြင်း မရခြင်းတွေဟာ ကိုယ်လုပ်နိုင်တဲ့ ကိစ္စ မဟုတ်ဘဲ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေကို အနိုင်ယူခြင်းကပဲ လီဗာပူးလုပ်ရမယ့် ကိစ္စပါလို့ ကလော့ပ်က သတိပေးပါတယ်။

ဝတ်ဖိုဒ့်ကို ၂-၀ နဲ့ အနိုင်ရခဲ့လို့ လီဗာပူးက လိဂ်ထိပ်ဆုံးနေရာကို ယာယီ ဦးဆောင်ခဲ့ရပေမယ့် မန်စီးတီးက နိုင်ပွဲပြန်ယူပြီး ထိပ်ဆုံးနေရာ ပြန်ယူသွားခဲ့ပါပြီ။ မန်စီးတီးနဲ့ပွဲက အရေးကြီးပါကြောင်းကို ကလေ့ာပ်က ဝန်ခံပေမယ့် ချန်ပီယံလိဂ်ပွဲကို အာရုံစိုက်ရမှာပါလို့ သတိပေးခဲ့ပါတယ်။

“ အခြေအနေတွေက ပြောင်းလဲမသွားပါဘူး။ အမှတ်ပေးဇယားနဲ့ ပတ်သက်ပြီး ဘာမှ လုပ်လို့လည်း မရဘူး။ အဲ့အကြောင်းလည်း ကျနော်တော့ မစဉ်းစားဘူး။ ပွဲကို အနိုင်ရတာအတွက် ပျော်တယ်။ အခုဆိုရင် ကျနော်တို့က ရမှတ် ၇၂ မှတ် ရနေပါပြီ။

အမှတ်ပေးဖလား စိန်ခေါ်မှုကို ဆက်ထိန်းနိုင်ဖို့က ကိုယ်ရဲ့ ပွဲစဉ်တွေကို နိုင်ဖို့ လိုပါတယ်။ လာမယ့် ပရီးမီးယားလိဂ်ပွဲကတော့ အရမ်းကြီးတဲ့ ပွဲတစ်ပွဲပေါ့။ ဒါကိုလည်း ကျနော် ကွယ်ဝှက် မထားလိုပါဘူး။ အားလုံး အဆင်ပြေပါတယ်။

ဒါပေမယ့် အခုချိန်မှာ ကျနော်တို့က ချန်ပီယံလိဂ်ပွဲတစ်ပွဲ ကစားရမှာပါ။ အခြားပွဲတွေလိုပဲ အရေးကြီးတဲ့ ပွဲတစ်ပွဲပါ။ ဒီပွဲအတွက် ပြင်ဆင်ချိန် ၃ ရက်ရမယ်။ ပြီးရင်တော့ အဲ့ကို သွားရောက် ယှဉ်ပြိုင်ပါမယ် ” လို့ ကလော့ပ်က ဆိုခဲ့တယ်။

လီဗာပူးအသင်းဟာ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲ ကစားရဖို့ ရှိနေပြီး ဘင်ဖီကာကို ခပ်လွယ်လွယ် နိုင်မှာပါလို့ ပေါ့ပေါ့ဆဆ တွေးနေမှုတွေကို ယာဂင်ကလော့ပ်က သဘောမကျဖြစ်နေပါတယ်။

“ ကျနော်တို့ ရောက်နေတဲ့ အနေအထားကို အသိအမှတ် ပြုပါတယ်။ အသင်းသားတွေနဲ့ အတူတကွ ပထမဆုံးအကြိမ် ပြန်လေ့ကျင့်ခွင့်ရခဲ့တဲ့ မနေ့တုန်းကပဲ ကောင်လေးတွေကို ပြောဖြစ်ခဲ့သေးတယ်။ ဒီနွေတုန်းကသာ တစ်ယောက်ယောက်က မတ်လအကုန်နဲ့ ဧပြီလ အစောပိုင်းမှာ ဆုဖလားတစ်လုံး အနိုင်ရပြီး ပြိုင်ပွဲစုံအတွင်း အသင်းက အခုလို ဆက်လက် ယှဉ်ပြိုင်နေဆဲ၊ လူစာရင်း အပြည့်လည်း ရွေးချယ်ခွင့်ရနေဆဲ ဆိုတာမျိုး ယူမလားမေးရင် အဲ့တာကို ယူလိုက်မိမှာပဲလို့။

တစ်ခုတည်းသော ပိုကောင်းနိုင်တဲ့ အခြေအနေဆိုလို့ ဖလားပွဲတွေမှာတော့ ဒီထက် ပိုကောင်းတာ မရနိုင်တော့ဘူး။ အမှတ်ပေးဖလားမှာ မန်စီးတီးထက် ရမှတ် ၂၀ လောက် သာနေဖို့ တစ်ခုတည်းပဲ ပိုကောင်းနိုင်တော့တယ်။ ဒါပေမယ့် အဲ့တာကလည်း မလွယ်ပါဘူး။

အခုအနေအထားက ကောင်းပါတယ်၊ ဒီအခြေအနေကို ပျော်ရွှင်တယ်။ ကျနော်တို့က ပြိုင်ပွဲ တစ်ခုလောက်မှာ ရေပန်းမစားဘူးဆိုရင်တောင် ဂရုမစိုက်ပါဘူး။ အစွမ်းကုန် ကြိုးစားလိုက်မှာပါပဲ။

ဝတ်ဖိုဒ့်ပွဲမှာ လူတိုင်းက ဒီပွဲက ခပ်လွယ်လွယ် ပွဲတစ်ပွဲပါကွားလို့ ပြောနေကြတာ ကျနော် သိပါတယ်။ ပွဲမတိုင်ခင်ကလည်း အဲ့လို ပြောနေကြမှန်း ကျနော်တို့ သိတယ်။ ဒါပေမယ့် တကယ်ကစားရတော့ မလွယ်ပါဘူး။ လူတိုင်းက ချန်ပီယံလိဂ်မှာ လီဗာပူးက ဆီမီးတက်ပြီလို့ ပြောနေ တွေးနေကြတယ်။ ဘာလို့လည်းဆိုတော့ ဘင်ဖီကာနဲ့ တွေ့လို့လေ။ အဲ့လို ပြောနေကြတာကို ကျနော် မကြိုက်ဘူး။

ဘင်ဖီကာက သိပ်ကို သန်မာပါတယ်။ အထူးသဖြင့် သူတို့ကို ကစားခွင့် ပေးလိုက်ချိန်မှာပေါ့။ ဒါက အခုချိန်မှာ ပြိုင်ဘက်နဲ့ ပတ်သက်ပြီး ကျနေ်ာတို့ တွေးသင့်တာပါ။ သူတို့ကို ဘယ်လို ရပ်တန့်မလဲ ဆိုတာမျိုးပေါ့ ” လို့ ကလော့ပ်က ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။