အခုကစ ရာသီကုန်ထိ ပွဲတိုင်း ဗိုလ်လုပွဲဖြစ်သွားတာက မစ်ရှင်တစ်ခုထဲ ရောက်သွားသလိုပါပဲလို့ ဆိုသွားတဲ့ သီယေဂို

လီဗာပူးဟာ ဘောလုံးရာသီ အဆုံးအဖြတ်ပေးမယ့် ဧပြီလအတွက် ပြင်ဆင်နေပြီဖြစ်သလို ကွင်းလယ်လူ သီယေဂို အယ်ကန်တာရာကတော့ သူ့ကစားသမားဘဝ ဒီလိုမျိုး လတစ်လကို တခါမှ မကြုံခဲ့ဖူးဘူးလို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးဟာ တစ်ရာသီအတွင်း ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလား လေးလုံးစလုံး ရတဲ့ ပထမဆုံး အင်္ဂလန်အသင်းဖြစ်လာမယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။ ကလော့ပ်ရဲ့ အသင်းဟာ ဖေဖော်ဝါရီလ ဗိုလ်လုပွဲမှာ ချယ်ဆီးကို အနိုင်ယူပြီး ကာရာဘောင်းဖလား ကိုင်မြှောက်ခဲ့ပြီး ဖြစ်ပါတယ်။

ဧပြီ ၅ ရက်နဲ့ ၁၃ ရက်မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွေ ကစားရမှာဖြစ်ပြီး ၁၀ ရက်နေ့မှာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ရှိနေပါတယ်။ အဲ့ဒါပြီးလို့ ၆ ရက်အကြာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဖြစ် ဝင်ဘာလေမှာ မန်စီးတီးနဲ့ပဲ ထပ်တွေ့ရဦးမှာပါ။ လီဗာပူးရဲ့ ဘောလုံးရာသီဟာ ဒီလထဲမှာ အများကြီး အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။

သီယေဂိုဟာ ဒီလို ခက်ခဲတဲ့ လတွေနဲ့ မစိမ်းတော့ပါဘူး။ သူဟာ ၂၀၁၀-၁၁ တုန်းက ဖလားသုံးလုံး ရခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ အသင်းသားတစ်ယောက် ဖြစ်ခဲ့ပြီး ၉ နှစ်အကြာမှာ ဘိုင်ယန်မြူးနစ်နဲ့အတူ အလားတူ အောင်မြင်မှုကို ထပ်မံရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီဧပြီလဟာ တမူထူးခြားလိမ့်မယ်လို့ သူက ယုံကြည်နေပြီး နိုင်ငံတကာ ပြိုင်ပွဲတစ်ခုနဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။

“ ဒီအကြောင်းကို အရင်နေ့ကပဲ သူငယ်ချင်းတချို့နဲ့ စကားပြောခဲ့ပါတယ်။ ကျွန်တော် ဘောလုံးကစားခဲ့တဲ့ တလျှောက်လုံးမှာ ဒီလိုမျိုး လကို တခါမှ မကြုံခဲ့ဖူးဘူး။ ၃ ရက်တခါ ကစားရတဲ့ပွဲတိုင်း အရေးကြီးပြီး စိတ်လှုပ်ရှားစရာ ကောင်းနေတာမျိုးပေါ့။ ဒါကြောင့် ဒီလက အံ့ဩစရာ ကောင်းလိမ့်မယ်။

ကျွန်တော့် ကစားသမားဘဝရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးလ မဟုတ်ပေမယ့် စိတ်လှုပ်ရှားရတာတော့ အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ အကောင်းဆုံး ပြိုင်ပွဲတွေမှာ အကောင်းဆုံး ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်နေရတာပါ။ ကျွန်တော်တို့တွေ နောက်ဆုံးဖိုင်နယ်ကို ရောက်နေသလိုပါပဲ။

ကမ္ဘာ့ဖလားလို၊ ဥရောပဖလားလိုပဲ ပွဲတိုင်းက ဖိုင်နယ်ပဲ။ ကျွန်တော်တို့တွေ မစ်ရှင် တစ်ခုထဲမှာ ရောက်နေတယ်ဆိုတဲ့ ခံစားချက်မျိုးပါ ” လို့ လီဗာပူးရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအပေါ် သီယေဂိုက မှတ်ချက်ပေးပါတယ်။

သီယေဂိုဟာ မတ်လ နိုင်ငံတကာသီတင်းပတ်အတွင်း စပိန်အသင်းအတွက် ကစားပေးခဲ့ရခြင်း မရှိတာကြောင့် ခက်ခဲမယ့် ဧပြီလ မတိုင်ခင် အနားယူချိန် တချို့ ရခဲ့ပါတယ်။

“ ဘောလုံးနဲ့ အဆက်ပြတ်သွားလို့ မရဘူး။ ဘာလို့လဲဆိုတော့ အဆုံးသတ်မှာ ဒါက မင်းရဲ့ဘဝပဲ။ ဒါပေမယ့် အနားယူလို့တော့ ရပါတယ်။ ပရီးမီးယားလိဂ်က သိပ်ကို ပြင်းထန်တာကိုး။ ချန်ပီယံလိဂ်ကလည်း အရမ်း ပြိုင်ဆိုင်မှု ပြင်းထန်တာကြောင့် ပိတ်ရက်မှာ အနားယူပြီး အားပြန်ဖြည့်ခဲ့တယ်။ ရှေ့မှာ ရင်ဆိုင်ရမယ့် အံ့ဩစရာ နှစ်လတာ ကာလအတွက် အဆင်သင့် ဖြစ်နေပါပြီ ” လို့ သီယေဂိုက ပြောပါတယ်။

ကာရာဘောင်းဖလား အောင်မြင်ခဲ့တာကနေ ရခဲ့တဲ့ ယုံကြည်မှုနဲ့ ပတ်သက်ပြီးတော့လည်း ကွင်းလယ်လူက

“ ကျွန်တော်တို့တွေ ဖိုင်နယ်ကို အနိုင်ရဖို့ အများကြီး လောင်းကြေးထပ်ခဲ့တယ်။ ကျွန်တော်တို့ အနိုင်ရခဲ့ပါတယ်။ အားလုံး အရမ်းပျော်ခဲ့ကြပြီး အသင်းလိုက် စွမ်းဆောင်ရည်အပေါ် ယုံကြည်မှု တိုးလာကြတယ်။ ကျွန်တော်တို့မှာ ရှိနေတဲ့ ဖိုင်နယ်ပွဲတွေတိုင်းအတွက် အဆင်သင့် ပြင်ထားဖို့လည်း အရေးကြီးပါတယ် ” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။