မန်စီးတီး ကစားတာ သိပ်ကောင်းလို့ လီဗာပူးတောင် လိုက်တု လိုနေပြီလို့ လာပေါ်တေး ပြော

မန်စီးတီး ခံစစ်သမား လာပေါ်တေးက သူတို့အသင်းဟာ ကမ္ဘာပေါ်မှာ အခြား ဘယ်သူကမှ မကစားနိုင်တဲ့ သိပ်ကောင်းတဲ့ ဘောလုံးကို ကစားနေတဲ့ အသင်းပါလို့ ဆိုသွားပါတယ်။

မန်စီးတီးရဲ့ ကစားပုံတွေထဲက သိပ်ကောင်းတဲ့ အနေအထားအချို့ကို လီဗာပူးလည်း လိုက်တုချင်နေမှာပါလို့ သူက ဆိုခဲ့တယ်။ ပြိုင်ဘက်တွေကို အခွင့်အရေးယူဖို့ မန်စီးတီးက အဆင်သင့်ရှိနေကြောင်းနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးကပဲ အနိုင်ရမှာပါလို့ ခံစစ်သမားက ယုံကြည်နေပါတယ်။

လာပေါ်တေးရဲ့ ဘဝင်မြင့်တဲ့ ပြောဆိုမှုဟာ လီဗာပူးအသင်းကို စကားစစ်ထိုးလိုတာလို့ ယူဆရပေမယ့် ယာဂင်ကလော့ပ်နဲ့ အသင်းသားတွေဘက်က ဒီလို ကိစ္စတွေမှာ ပါဝင်ဖို့ စိတ်ဝင်စားဖွယ် မရှိပါဘူး။

လာပေါ်တေးက ” ကျနော်တို့ ကစားတဲ့ ဘောလုံးကို ကမ္ဘာအပေါ်မှာ အခြား ဘယ်သူကမှ မကစားနိုင်ပါဘူး။ သိပ်ကောင်းတဲ့ ဘောလုံးကို ဘယ်လိုကစားသလဲ ဆိုရာမှာ ကျနော်တို့ မန်စီးတီးက စံနမူနာ ဖြစ်ပါတယ်။ နယ်ပယ်အားလုံးမှာ သာလွန်ကောင်းမွန်ပါတယ်။ လီဗာပူးတောင်မှ ကျနော်တို့ ကစားနေမှုရဲ့ တစိတ်တပိုင်းကို လိုချင်နေမယ် ထင်ပါတယ်။

ကျနော်တို့အတွက်ကတော့ အခွင့်အရေးတွေ ရယူဖို့နဲ့ ပြိုင်ဘက်တွေ လုပ်မိတဲ့ အမှား အနည်းငယ်ကနေ အကျိုးအမြတ် ရယူနေဖို့ပါပဲ။ ကျနော်တို့ကတော့ ပြိုင်ဘက်တွေကို အခွင့်အရေး မပေးပါဘူး။ ဒါပေမယ့် စိတ်ပူနေစရာလည်း မရှိပါဘူး။

စီးတီးက ဘယ်သူ့ကိုမှ မကြောက်ဘူး။ ကုန်ခဲ့တဲ့ နှစ်အနည်းငယ်က လီဗာပူးနဲ့ တူညီတဲ့ သီတင်းပတ်တွေမှာ တစ်မှတ်ကွာ အနေအထားဖြစ်ခဲ့တာပါပဲ။ ဒါပေမယ့် အဆုံးမှာတော့ ကျနော်တို့က ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့ပါတယ်။ အခုလည်း ဒီလို တိုက်ခိုက်နေကြတာဖြစ်သလို ဒါက စီးတီးပရိသတ်တွေနဲ့ ကြားနေ ပရိသတ်တွေအတွက် သိပ်ကောင်းတဲ့ ကိစ္စဖြစ်မှာပါ ” လို့ ဆိုသွားခဲ့ပါတယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ လီဗာပူးထက် တစ်မှတ်အသာ အနေအထားမှာ ရှိနေတာပါ။ လက်ကျန်ပွဲတွေအရ လီဗာပူးနဲ့ မန်စီးတီး ထိပ်တိုက်တွေ့ဖို့ ရှိနေသလို လီဗာပူးအသင်းဟာ ကြီး ၆ ကြီးထဲက နောက်ထပ် ပြိုင်ဘက် ၂ သင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ဒီရာသီမှာ လီဗာပူးကော မန်စီးတီးပါ ဆုဖလား ၃ လုံး လမ်းကြောင်းမှာ အတူရှိနေတာဖြစ်ပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာလည်း ထိပ်တိုက်တွေ့နေသေးတာ ဖြစ်ပါတယ်။