မာနေးရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေခဲ့ရာက အေးဂျင့်ဖြစ်သူ စကားစ ထုတ်လာပါပြီ

ဆာဒီယို မာနေးရဲ့ အေးဂျင့်ဖြစ်သူ Bezemer က ကလပ်နဲ့ ကစားသမားကြားမှာ စာချုပ်သစ်ကိစ္စ ညိနှိုင်းနေခြင်း မရှိပါဘူးလို့ ထုတ်ပြောလာပါတယ်။

၂၀၁၆ မှာ ဆောက်သမ်တန်ကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ မာနေးဟာ လီဗာပူးနဲ့ ကမ္ဘာအကောင်းဆုံး တောင်ပံသမားတွေထဲက တစ်ဦးအဖြစ် ထွန်းတောက်လာခဲ့တယ်။ သူနဲ့ လီဗာပူးကြား လက်ရှိ စာချုပ်ဟာ ၂၀၂၃ ခုနှစ် နွေမှာ ကုန်ဆုံးမှာဖြစ်လို့ တစ်နှစ်စာချုပ်လောက်ပဲ ကျန်ရှိတော့တာဖြစ်ပါတယ်။

မာနေး၊ ဆာလာ၊ ဖာမင်နိုတို့ သုံးဦးလုံးဟာ တူညီတဲ့ စာချုပ်ကာလတွေကို ပိုင်ဆိုင်ထားတာဖြစ်ပြီး အခုချိန်ထိ တစ်ဦးနဲ့မှ စာချုပ်ကိစ္စ အလားအလာကောင်းကြောင်း သတင်းထွက်လာတာ မရှိသေးပါဘူး။ ဒီကိစ္စအတွက် အေးဂျင့် Bezemer က အခုလို ဆိုပါတယ်။

” လီဗာပူးနဲ့ စကားတွေ အများကြီး ပြောခဲ့ပေမယ့် လက်တလောမှာတော့ စာချုပ်သစ်ကိစ္စ စကားပြောနေခြင်း မရှိပါဘူး။ ကျနော်တို့တွေ ရာသီကုန်ထိ စောင့်ဆိုင်သွားမှာ ဖြစ်ပါတယ် ” လို့ မာနေးရဲ့ အေးဂျင့်ဖြစ်သူက ဆီနီဂေါ သတင်းဌာနကို ပြောပါတယ်။

ဆီနီဂေါအတွက် သမိုင်းဝင် အောင်မြင်မှုအဖြစ် အာဖရိကဖလား အနိုင်ရမှုမှာ အောင်နိုင်သူ မာနေးကို လီဗာပူးဘက်က ဘာဂုဏ်ပြုပွဲမှ မလုပ်ပေးခဲ့ပါဘူး။ ဒါပေမယ့် အဲ့တာက မာနေးရဲ့ ဆုံးဖြတ်ချက်ကြောင့် လီဗာပူးဘက်က မလုပ်ပေးခဲ့တာဖြစ်ပြီး အဝတ်လဲခန်းမှာတော့ သူ့ကို ကောင်းမွန်စွာ ကြိုဆိုမှု လုပ်ပေးခဲ့တယ်လို့ အေးဂျင့်က ဆိုပါတယ်။

အေးဂျင့် Bezemer က ” လီဗာပူးအဝတ်လဲခန်းကို ပြန်လာတော့ မာနေးက ကောင်းမွန်တဲ့ ကြိုဆိုမှုကို ရခဲ့ပါတယ်။ ဒါပေမယ့် အဲ့နောက်မှာက လက်စတာနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲက ရှိနေတယ်။ ကြလပ်ဘက်က မာနေးအတွက် တစ်ခုခု လုပ်ပေးချင်ခဲ့တယ်။ ဒါပေမယ့် အဝေးကွင်း နှစ်ပွဲဆက်ဆိုတော့ ချိန်သားကိုက်မနေဘူးပေါ့။

နှစ်ပတ်လောက်ကြာမှ အခမ်းအနားလေး လုပ်ပေးဖို့ဆိုပေမယ့် ဆာဒီယိုက လီဗာပူးကို အဲ့တာတွေ မလုပ်ဖို့ ဘောလုံးရာသီကိုပဲ အာရုံစိုက်ဖို့ အသင်းကို တောင်းဆိုခဲ့တယ်။ ဒါတွေက မိုရဲ့ တောင်းဆိုမှုတွေ မဟုတ်ပါဘူး။ ကလပ်ဘက်က မလုပ်ပေးတာလည်း မဟုတ်ဘူး ၁၀၀% ဆာဒီယိုရဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့တာပါ ” လို့ ဖွင့်ပြောသွားပါတယ်။