ဒီနွေမှာ လီဗာပူး ကြယ်ပွင့် နှစ်ဦးကို ခေါ်ယူဖို့ ကြိုးစားသွားမယ့် အင်္ဂလန်ကလပ် နှစ်သင်း

ဒီရာသီ ချန်ပီယံရှစ်မှာ တောက်ပနေကြတဲ့ လီဗာပူး ကြယ်ပွင့်နှစ်ဦးကို ခေါ်ယူဖို့ ဖူလ်ဟမ်နဲ့ ပရီစတန်အသင်းတို့ ကြိုးစားလာတော့မယ်လို့ သိလာရပါတယ်။

ချန်ပီယံရှစ်ကလပ် ပရီစတန်အသင်းနည်းပြ ရိုင်ယန် လိုဝီက သူတို့အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ နယ်သာလန်သား ခံစစ်သမား ဆပ် ဗန်ဒန်ဘတ်ရဲ့ အနာဂတ်အတွက် လီဗာပူးအသင်းနဲ့ စကားပြောလိုကြောင်း ထပ်မံ ဖွင့်ဟလာတယ်။

လိုဝီက “ ကျနော်တို့ လီဗာပူးအသင်းနဲ့ စကားပြောနေပါတယ်။ ဒါပေမယ့် အားလုံးက ဆပ်အပေါ်မှာပဲ မူတည်ပါတယ်၊ သူဘာကိုလိုချင်လဲ ကြည့်ရပါမယ်။ သူကလည်း သင့်လျော်တဲ့ နေရာကို ရှာဖွေလိုမှာပါ။ အမြဲတမ်း ကစားနိုင်မယ့် အသင်းမျိုးပေါ့။ အကယ်လို့ လာမယ့်ရာသီ သူလီဗာပူးမှာပဲ ဆက်ရှိနေလို့ သူ့ကို အငှားပြန်ချဦးမယ်ဆိုရင်လည်း ကျနော်တို့ အသင်းက အခွင့်အရေးကောင်း ရှိနေမယ်လို ထင်ပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်တယ်။

အသက် ၂၀ အရွယ် ခံစစ်သမားဟာ ဒီရာသီမှာတော့ ညာအစွန်ကနေ ဗဟိုခံစစ်မှူးနေရာကို ပြောင်းကစားနေတာပါ။ သူ့ရဲ့ အနာဂတ်ကို လီဗာပူးအသင်းက ရာသီကြိုမှာ လာရောက် ပူးပေါင်းစေပြီးတဲ့နောက်မှ ဆုံးဖြတ်ဖွယ်ရှိတယ်။ ဂိုးမက်စ်၊ နက်ဖီးလစ်၊ နီကိုးတို့ရဲ့ အခြေအနေပေါ် မူတည်ပြီး ဗန်ဒန်ဘတ်ရဲ့ အနာဂတ်က အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။

အသက် ၂၅ နှစ်အရွယ် နက်ဖီးလစ်ကို အငှားခေါ်ထားတဲ့ ဘုန်းမောက်အသင်းဟာ အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားပါတယ်။ ၎င်းတို့ဟာ ပရီးမီးယားလိဂ်ကို တိုက်ရိုက် တန်းတက်လာနိုင်တဲ့ ကလပ်နှစ်သင်းထဲက တစ်သင်းဖြစ်ပြီး နက်ဖီးလစ်အတွက် လီဗာပူးဘက်က အနည်းဆုံး ပေါင် ၁၅ သန်း တောင်းဆိုမှာပါ။

ချန်ပီယံရှစ်ကို ဦးဆောင်နေတဲ့ ဖူလ်ဟမ်အသင်းမှာတော့ ညာအစွန်လူ နီကိုး ဝီလီယမ်က ရာသီဝက် အငှားထွက်ကစားနေပါတယ်။ ဖူလ်ဟမ်ကလည်း နီကိုးကို ဒီနွေမှာ အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားနေသေးတာဖြစ်တယ်။ ဝေလ်းခံစစ်သမားဟာ ၂၀၂၂ ကမ္ဘာဖလားမှာ ပါဝင်နိုင်ရေး ပုံမှန် ပွဲထွက်ခွင့် လိုအပ်နေတာကြောင့် လီဗာပူးကနေ ထွက်ခွာဖွယ် ရှိတာဖြစ်တယ်။

လီဗာပူးသတင်းထောက် David Lynch ကတော့ နီကိုးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်း ဝန်းကျင် တောင်းဆိုနိုင်ကြောင်းနဲ့ ဖူလ်ဟမ်မှာ ညာအစွန်လူ တောက်ပနေပေမယ့် ပြောင်းရွှေ့ကြေးကတော့ အဲ့ထက် အများကြီး မြင့်မားလာဖွယ် မရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။