VAR နဲ့ ပတ်သက်ပြီး အပြောင်းအလဲကြီး တစ်ခုလုပ်ပေးဖို့ ပရီးမီးယားလိဂ်ကို ယာဂင် တောင်းဆို

ပရီးမီးယားလိဂ်မှာတော့ ဒိုင်လူကြီးတွေရဲ့ VAR ကို အသုံးပြုနိုင်စွမ်း၊ အသုံးပြုပုံတွေဟာ အလုပ်မဖြစ်လှတာကြောင့် များစွာသော ဝေဖန်မှုတွေ ရှိနေခဲ့တာပါ။

VAR ကို စတင် မိတ်ဆက်လာကတည်းကဆိုရင် ဒီရာသီမှာ လက်ခံနိုင်လောက်တဲ့ အတိုင်းအတာ တစ်ခုကို ရောက်လာပေမယ့် လူကျွံဘော၊ လက်ထိဘောနဲ့ ပင်နယ်တီဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာတော့ VAR ကြောင့် အငြင်းပွားရတဲ့ ကိစ္စတွေ ရှိနေဆဲဖြစ်ပါတယ်။

ဒီရာသီမှာ လီဗာပူးအသင်းဟာ VAR ကြောင့် ထိခိုက်မှုတွေ ရှိထားတဲ့ အသင်းဖြစ်ကြောင်း ဗြိတိန်သတင်းဌာန ဒေးလီးမေလ်းက ထုတ်ဖော်ခဲ့တယ်။ ဒါပေမယ့်လို လီဗာပူးတစ်သင်းတည်း မဟုတ်ပါဘူး။ ဒါကြောင့် မန်နေဂျာအချို့က အင်္ဂလန် အဆင့်မြင့်တန်းမှာ အသုံးပြုနေတဲ့ VAR နဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ် အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

နောက်ဆုံး သိရတာကတော့ ကလော့ပ်နဲ့အတူ ဖရန့်လမ်းပတ်၊ ရန်းနစ်၊ ဂရေဟမ် ပေါ်တာ၊ ဒမ်းစမစ်တို့ဟာ အနာဂတ်မှာ “သီးသန့် VAR အရာရှိ” တွေ ထားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒိုင်လူကြီးတွေကို VAR အသုံးပြုခိုင်းမယ့်အစား နည်းပညာပိုင်း ကျွမ်းကျင်သူတွေကို VAR အရာရှိတွေအဖြစ် သီးသန့်ထားပေးဖို့ တောင်းဆိုခြင်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ VAR နဲ့ပတ်သက်လာရင် အဓိက အငြင်းပွားရတဲ့ ‘ရှင်းလင်း ပြတ်သားမှု’ ဆိုတဲ့ ကိစ္စတွေကို ပြန်လည် သုံးသပ်ခဲ့ကြတယ်။ ဒါ့အပြင် လူကျွံဘောကိစ္စတွေမှာလည်း နောက်ကျပြီးမှ အလံထောင်တဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ စည်းကြပ်ဒိုင်တွေရဲ့ နောက်ကျပြီးမှ အလံထောင်မှုကလည်း ပြဿနာတစ်ရပ် ဖြစ်ပါတယ်။

တူညီတဲ့ ဒိုင်လူကြီးအဖွဲ့ကိုပဲ ကွင်းတွင်းဒိုင်နဲ့ VAR ဒိုင်တွေအဖြစ် တာဝန်ယူစေတာထက် ကွင်းတွင်းဒိုင်အဖွဲ့နဲ့ VAR ဒိုင်အဖွဲ့ကို သီးသန့် ခွဲထုတ်စေလိုတဲ့ ယာဂင်ကလော့ပ်တို့ရဲ့ တောင်းဆိုမှုကို ပရီးမီးယားလိဂ်က ခွင့်ပြုမလား? ဆုံးဖြတ်ချက်တွေမှာ ပိုမို တိကျစေဖို့ အထောက်အပံ့ ဖြစ်လာမလား? စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။