ဒိုကြီးကေ ညှပ်ခဲ့ခြင်း၊ ဘော်ဘီဆိုတာ လီဗာပူးပရိသတ်တွေပေးတဲ့ နာမည်ပြောင်ဖြစ်ခြင်းနဲ့ ဖာမင်နိုရဲ့ အင်တာဗျူး

ရောဘတ်တို ဖာမင်နိုရဲ့ ကစားသမားဘဝ ပထမဆုံး သွင်းဂိုးအတွက် အောင်ပွဲခံတာက ကခဲ့တာဖြစ်တယ်ဆိုတာ အံ့ဩစရာ မရှိပါဘူး။

အနီရောင် နံပါတ် ၉ ကစားမားဟာ ၂၀၁၅ မှာ ကလပ်ကို ရောက်လာပြီးကတည်းက စုစုပေါင်း ၉၆ ဂိုး သွင်းယူခဲ့သလို သူ့ရဲ့ သွင်းဂိုးတွေကို ပုံမှန်မဟုတ်ဘဲ တီထွင်ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ အောင်ပွဲခံလေ့ ရှိခဲ့ပါတယ်။

အဲ့ဒီ့အကျင့်ဟာ Figueirense နဲ့အတူ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ အစောပိုင်းနေ့ရက်တွေမှာ စတင်ခဲ့တာဖြစ်ပြီး ဒီအကြောင်းကို ဖာမင်နိုဟာ လီဗာပူးမဂ္ဂဇင်းနဲ့ နောက်ဆုံး အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

အဲ့ဒီ့ထဲမှာ သူဟာ နာမည်ပြောင်တွေကစလို့ အဓိက အခိုက်အတန့်တွေ၊ ကမ္ဘာ့ဖလား စိတ်ခံစားမှုတွေအထိ သူ့ရဲ့ ဘောလုံးသမားဘဝ ပထမဦးဆုံး အကြောင်းအရာများစွာကို ပြောပြပေးခဲ့တာ ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်နဲ့ ပထမဆုံး စကားပြောဆိုမှု

ဒါက ခက်ပါတယ်။ ကျွန်တော်တို့ မက်ဆေ့တွေ အပြန်အလှန်ပို့ခဲ့ကြတာ မှတ်မိတယ်။ လူချင်းတွေ့တာကတော့ သူ လီဗာပူးကို ရောက်လာတဲ့ အချိန်ပေါ့။ သူ ဒီကို ရောက်လာတဲ့အတွက်၊ သူနဲ့အတူ ရှိနေရတဲ့အတွက် ကျွန်တော် အရမ်းပျော်တဲ့အကြောင်း သူ့ကို ပြောပြခဲ့ပါတယ်။

လီဗာပူးကို သူ ရောက်လာတာက အရာအားလုံးကို ပြောင်းလဲပေးခဲ့တယ်။ ကျွန်တော်တို့ တကယ်ကို လှုပ်နှိုးသလို ဖြစ်ခဲ့ပြီး ချက်ချင်း အကောင်းဘက်ကို ဦးတည်ခဲ့ပါတယ်။ ဂျာမနီမှာ သူနဲ့ ရင်ဆိုင်ခဲ့ရကတည်းက ကျွန်တော် သူ့ကို သိပြီးသားပါ။ သူလည်း ကျွန်တော့်ကို သိခဲ့တယ်။ သူ့ကြောင့် ကျွန်တော် ဒီမှာ အများကြီး တိုးတက်လာခဲ့တာပါ။

ပထမဆုံးအကြိမ် ဘောလုံး ကန်ချက်

ကျွန်တော် မှတ်မိသလောက်တော့ ဘယ်အရွယ်လောက်လည်း မသိပေမယ့် ၆ နှစ်၊ ၇ နှစ်လောက်ကတည်းက ကျွန်တော် ဘောလုံးကစားရတာ ကြိုက်နေပါပြီ။ အိပ်ယာထဲထိ ဘောလုံးယူပြီး အိပ်တယ်။ နေ့တိုင်း ကျောင်းဆင်းတာနဲ့ ဘောလုံးကစားတယ်။ ဒါက ၆ နှစ်၊ ၇ နှစ်လောက်မှာ ကျွန်တော် ဘောလုံးနဲ့ စတင်ထိတွေ့ခဲ့တဲ့အချိန်ပဲ။

ပထမဆုံး တိုက်ရိုက် ဘောလုံးပွဲကြည့်ခြင်း

ကျွန်တော့်မြို့မှာပေါ့။ အဖေ့ရဲ့အသင်းကို ကျွန်တော် စတင်အားပေးခဲ့တယ်။ ကျွန်တော် ၆ နှစ်၊ ၇နှစ်လောက်ရှိမယ်။ အဖေက ကျွန်တော့်ကို ကွင်းထဲ ခေါ်သွားခဲ့ပြီး အဲ့ကနေစလို့ အပတ်တိုင်း ဘောလုံးပွဲ ကြည့်ခဲ့ရပါတယ်။

ပထမဆုံး ပရော်ဖက်ရှင်နယ် ဘောလုံးပွဲ

ကျွန်တော် ထင်တာမှန်မယ်ဆို ၁၇ နှစ်လောက်ပေါ့။ ပွန်တီ ပရက်တာနဲ့ပွဲမှာ Figueirense အတွက် ကစားပေးခဲ့တယ်။ ကံမကောင်းစွာပဲ ကျွန်တော်တို့ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တယ် ထင်ပါတယ်။ ဒုတိယတန်းလိဂ်ပွဲဖြစ်ပြီး ကျွန်တော့်အတွက် အမှတ်ရစရာ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ့ကနေစပြီး ကျွန်တော် ပထမအသင်းမှာ ဆက်ကစားခဲ့ရတယ်။

ပထမဆုံး ပရော်ဖက်ရှင်နယ်သွင်းဂိုး

အဲ့ဒါလဲ Figueirense အတွက်ပါပဲ။ Sao Caetano နဲ့ စတိတ်ချန်ပီယံရှစ် အဝေးကွင်းမှာပါ။ ကျွန်တော်တို့ ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

ပထမဆုံး ဂိုးအောင်ပွဲခံမှု

လီဗာပူးမှာ ကျွန်တော် ပထမဆုံး ဂိုးကတည်းက အောင်ပွဲခံတာတွေ လုပ်ခဲ့ပါတယ်။ ဘရာဇီးမှာလည်း အောင်ပွဲခံခဲ့တယ်။ ပထမဆုံး အောင်ပွဲခံတာကို တိတိကျကျ မမှတ်မိပေမယ့် နည်းနည်းပါးပါး ကတာ နေမှာပေါ့။

လီဗာပူးက ပထမဦးဆုံး နာမည်ပြောင်

ဘော်ဘီတဲ့။ ဒီမှာ အဲ့နာမည်ရခဲ့တာပါ။ ဒါက အရမ်းကို သဘောကျစရာ ကောင်းတယ်။ အဲ့ဒါက ပြောရလွယ်ပြီး ဒီမှာ ရခဲ့တဲ့နာမည်မို့ ကျွန်တော် သဘောကျခဲ့တာပါ။ ဒါကို တယုတယနဲ့ အသုံးပြုခဲ့ပါတယ်။ ကျွန်တော် ကြိုက်တယ်။

ပထမဆုံး ကမ္ဘာ့ဖလား အမှတ်တရတွေ

၁၉၉၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်ကို ရှုံးခဲ့တာကို မှတ်မိတယ်။ ကျွန်တော် တော်တော်ငိုခဲ့ပါတယ်။ အဲ့ဒါက တကယ် ဝမ်းနည်းစရာ ကောင်းခဲ့တယ်။ ၂၀၀၂ ကမ္ဘာ့ဖလားမှာ အဲ့ဒီ့လို တခါ ကြုံခဲ့ရတယ်။ ပွဲတွေကြည့်ဖို့ ကျွန်တော် အစောကြီး အိပ်ယာထတတ်ပါတယ်။

ဘရာဇီးက ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားကို ရခဲ့တယ်။ ဒါက တကယ်ကို အမှတ်ရစရာကောင်းတဲ့ ကမ္ဘာ့ဖလားပဲ။ မနေ့ကလိုပဲ သတိရမိပါသေးတယ်။ အစောကြီးထပြီး ဘရာဇီးအသင်းကို အားပေးတယ်။ ဖိုင်နယ်ပွဲအတွက် ကျွန်တော် ရော်နယ်ဒို ကေတောင် ညှပ်ခဲ့တာပါ။ အဲ့ဒါက ကျွန်တော့်အပေါ်မှာ အတော်လေး လွှမ်းမိုးမှု ရှိခဲ့ပါတယ်။