မန်စီးတီးနဲ့ပွဲမှာ ပါဝင်နိုင်ရေး အချိန်လုနေရတဲ့ ထရန့်နဲ့ အဆင်သင့်ဖြစ်နေမယ့် ကိတ်တာ

ထရန့် အလက်ဇန္ဒား-အာနိုးဟာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်နိုင်ရေး အချိန်လုနေရဆဲဖြစ်တယ်လို့ လီဗာပူးသတင်းထောက် James Pearce က ဖော်ပြပါတယ်။

အင်္ဂလန်ညာအစွန်လူဟာ ဝတ်ဖိုဒ့်နဲ့ပွဲမတိုင်ခင် တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး မတ်လ နိုင်ငံတကာ သီတင်းပတ်မှာလည်း အင်္ဂလန်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။ အာဆင်နယ်ကို ရင်ဆိုင်တဲ့ပွဲမှာ အဆိုပါ ဒဏ်ရာ ရခဲ့ခြင်းဖြစ်ကာ ပြန်သက်သာလာဖို့ ကြိုးစားနေဆဲဖြစ်တယ်။

James Pearce ကတော့ ထရန့်ရဲ့ ဒဏ်ရာ အနေအထားအရ ဧပြီလ ၁၀ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့် မန်စီးတီးပွဲ အမှီ ခပ်မြန်မြန် ပြန်ကောင်းလာဖို့ဆိုတာ မလွယ်သေးဘူးလို့ သိရတယ်။ ဒါကြောင့် ဧပြီလထဲ ပြန်လည်စတင်မယ့် ဝတ်ဖိုဒ့်နဲ့ ပရီးမီးယားလိဂ်ပွဲ၊ ဘင်ဖီကာနဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲတွေကို ထရန့် လွဲဖို့ သေချာသလောက် ရှိနေပါတယ်။

ဒူဘိုင်းက Nad Al Sheba Sports Complex မှာ ပြန်လည် ထူထောင်ရေးတွေ လုပ်ဆောင်နေတဲ့ ထရန့်အတွက် အချိန်ကပဲ အကန့်အသတ်ဖြစ်နေတာပါ။ သူဟာ ခါဘီမှာ အသင်းနဲ့အတူ အပြည့်အဝ ပြန်လည် လေ့ကျင့်ခွင့်ရရေး ဆေးအဖွဲ့ရဲ့ ခွင့်ပြုမှုကို စောင့်ရမှာဖြစ်တယ်။

ဆုဖလားတွေအတွက် အရေးကြီးတဲ့ ကာလအပိုင်းအခြားကို ရောက်နေကာ ထရန့် ကိုယ်တိုင်ကလည်း အမြန်ဆုံး ပြန်သက်သာလာဖို့ မျှော်လင့်နေပေမယ့် နည်းပြကလော့ပ်ကတော့ ဒဏ်ရာကြားက စွန့်စားပြီး ပွဲထုတ်တာမျိုးကို ငြင်းဆန်ဖွယ် ရှိပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးထောက်ပံ့မှု ၁၁ ကြိမ် လုပ်ထားနိုင်တဲ့ ထရန့် မကစားနိုင်ရင်တော့ သူ့နေရာကို ဂိုးမက်စ်ပဲ တာဝန်ယူမှာဖြစ်တယ်။ ဂိုးမက်စ်ဟာ နော်တင်ဟမ် ဖောရက်စ်ကို အနိုင်ရတဲ့ အက်ဖ်အေဖလားပွဲမှာ ပါဝင်ကစားခဲ့သေးတာ ဖြစ်ပါတယ်။

ကွင်းလယ်လူ ကိတ်တာကတော့ ဒူးဒဏ်ရာကြောင့် ဂူနီယာလက်ရွေးစင်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာက အသေးစားပဲဖြစ်လို့ ဝတ်ဖိုဒ့်နဲ့ပွဲမှာတင် ရွေးချယ်လို့ ရနိုင်မှာဖြစ်ပါတယ်။