လီဗာပူးပရိသတ်တွေ သူ့ကို အမြဲ မှတ်မိနေအောင် လုပ်မယ့် နည်းလမ်းကို ဖာဘင်ညို ထုတ်ပြော

ယာဂင်ကလော့ပ်ရဲ့ လက်အောက် အသင်းရဲ့ ကစားပုံ၊ နည်းစနစ်တွေနဲ့ အသားကျဖို့ ကနဦး အချိန်ယူခဲ့ရပြီးနောက် အခုချိန်မှာ ဖာဘင်ညိုဟာ ပုံမှန် ပွဲထွက်ခွင့်ရနေခဲ့ပါပြီ။

ဖာဘင်ညိုဟာ သူ့ရဲ့ ပွဲကို ဖတ်နိုင်စွမ်းနဲ့ ဘောလုံးပိုင်ဆိုင်မှု ရယူနိုင်စွမ်းတွေကြောင့် ကြီးမားတဲ့ ချီးကျူးမှုတွေ ရခဲ့ပါတယ်။ လီဗာပူးမှာ တောက်ပမှုနဲ့အတူ အခုဆိုရင် ဘရာဇီး လက်ရွေးစင်အသင်းမှာ ပုံမှန် ရွေးချယ်ခံ ကစားသမားလည်း ဖြစ်လာနေခဲ့ပါတယ်။

“ ကျွန်တော် ဘရာဇီးကို ပြန်ခဲ့တဲ့ အချိန်မှာ ကျွန်တော် တွေးမိထားတာထက်ကို ပိုခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် သိပ်ပြီးတော့ မစဉ်းစားနိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ အရေးအကြီးဆုံးက အသင်းအတွက် ကျွန်တော်တို့ လိုချင်တဲ့ ရလဒ်တွေ ရယူဖို့နဲ့၊ အဲ့ဒါတွေကို ဆုဖလားတွေအဖြစ် ပြောင်းလဲနိုင်အောင် ကူညီဖို့ပါပဲ။

အဲ့ဒါကပဲ အနာဂတ်မှာ ပရိသတ်တွေက မင်းကို မှတ်မိစေမှာပါ။ ‘လီဗာပူး ချန်ပီယံလိဂ် ဖလားရတုန်းက သိလား။ ဖာဘင်ညိုလည်း ပါခဲ့တယ်’ ဆိုတာမျိုးပေါ့ ” လို့ ဖာဘင်ညိုက မာဆေးဆိုဒ်ကလပ်ရဲ့ ဆုဖလား အောင်မြင်မှုတွေမှာ ထပ်ပြီး ပါလိုကြောင်း ပြောပါတယ်။

ဖာဘင်ညိုဟာ လီဗာပူးအတွက် ပွဲ ၁၅၀ ကျော် ကစားခဲ့ပြီး ပြီးခဲ့တဲ့လက ဝင်ဘာလေမှာ ကာရာဘောင်း ဖလားတစ်လုံး ထပ်မံရရှိခဲ့ပါတယ်။ ဒီရာသီ နောက်ထပ် ဖလားတွေ ရယူဖို့ မျှော်လင့်ချက်ရှိနေတဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ စီးတီးကို အမီလိုက်နေပြီး ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်၊ အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ် ရောက်ရှိနေပြီ ဖြစ်ပါတယ်။

စိတ်လှုပ်ရှားစရာတွေနဲ့အတူ ဒီတစ်ပတ်မှာ ကလပ်အဆင့်ပွဲတွေ ပြန်ကစားရတော့မှာပါ။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် စိန်ခေါ်မှုတွေကို ပြန်ရင်ဆိုင်ရတော့မှာနဲ့အတူ ဖာဘင်ညိုက စိတ်လှုပ်ရှားနေပြီး သူ့အတွက်တော့ ဘောလုံးကစားဖို့ဆိုရင် လီဗာပူးထက် ပိုကောင်းတဲ့နေရာ မရှိတော့ပါဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

“ လီဗာပူးက ထူးခြားတဲ့ နေရာတစ်ခုပါ။ ဘောလုံးကစားဖို့ ဒီထက်ပိုကောင်းတဲ့နေရာ မရှိတော့ဘူး။ ဒါကြောင့် ကျွန်တော် ဒီနေရာမှာပဲ အပြည့်အဝ အာရုံစိုက်ထားတယ်။ နောက် ၄ နှစ်အတွင်း ကျွန်တော့် အခြေအနေက ဘယ်လိုဖြစ်သွားမလဲဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမယ့် အခုချိန်မှာ လီဗာပူးအတွက်ပဲ စဉ်းစားထားပါတယ်။

တခြားအသင်း၊ တခြားနိုင်ငံကို ပြောင်းဖို့ မစဉ်းစားဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒီမှာ အရမ်းပျော်တယ်။ ဒါက ထူးခြားတဲ့ ကလပ်တစ်ခုဖြစ်ပြီး ဆုဖလားတိုင်းအတွက် တိုက်ပွဲဝင်နေတာပါ။

ကျွန်တော်လိုချင်တာက ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်းတစ်သင်းမှာ ရှိနေပြီး တတ်နိုင်သလောက် အများကြီး အောင်မြင်ဖို့ပဲ။ ဒါကိုလုပ်နိုင်ဖို့ အကောင်းဆုံးနေရာက လီဗာပူးပါပဲ”လို့ ဖာဘင်ညိုက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။