လီဗာပူး ဂန္တဝင် သုံးသပ်တဲ့ ကလော့ပ်နေရာ အစားဝင်လာဖွယ်ရှိတဲ့ နည်းပြလောင်း နှစ်ဦး

စတီဗင်ဂျရတ်ဟာ လီဗာပူးနည်းပြ အနေနဲ့ ယာဂင်ကလော့ပ်ရဲ့နေရာကို ဆက်ခံဖို့ အသင့်တော်ဆုံး ဖြစ်လိမ့်မယ်လို့ အန်ဖီး ဂန္တဝင် ဖီးသွန်ပဆင်က ယုံကြည်နေပေမယ့် လက်ထောက်နည်းပြ ပက်လင်ဒါကိုလည်း ရေပန်းစားစာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။

ဂျရတ်ဟာ တနေ့မှာ လီဗာပူးနည်းပြ ဖြစ်ချင်တဲ့အကြောင်း ဝန်ခံခဲ့ပေမယ့် ၂၀၂၄ နွေရာသီမှာ စာချုပ်သက်တမ်း ကုန်တော့မယ့် ဂျာမန်သားကြီး နေရာကို အစားထိုးဖို့ ဖြစ်နိုင်ခြေတွေကိုတော့ ဆက်တိုက် ရှောင်လွှဲနေခဲ့တာ ဖြစ်ပါတယ်။ ဂျရတ်ဟာ လီဗာပူး အကယ်ဒမီမှာ အလုပ်လုပ်ခဲ့ပြီးနောက် ၂၀၁၈ မှာ ပထမဆုံး စီနီယာနည်းပြအလုပ်ကို ရိန်းဂျားနဲ့အတူ စတင်ခဲ့တာပါ။

ဂျရတ်ရဲ့ ရိန်းဂျားအသင်းဟာ ၁၀ကြိမ်ဆက် လိဂ်ဖလား အောင်မြင်ဖို့ ရည်မှန်းထားခဲ့တဲ့ ဂလက်စ်ဂိုး ပြိုင်ဘက် ဆဲလ်တစ်အသင်းရဲ့ နှစ်ရှည်ကြာ လွှမ်းမိုးမှုကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နိုဝင်ဘာမှာ ဒင်းစမစ် ထုတ်ပယ်ခံခဲ့ရပြီးနောက် ဂျရတ်ဟာ အက်စ်တွန်ဗီလာနည်းပြအဖြစ် အင်္ဂလန်ကို ပြန်လာခဲ့ပါတယ်။

လီဗာပူးနည်းပြဖြစ်လာဖို့ အလားအလာအကြောင်း မေးမြန်းခဲ့ရာမှာတော့ ဂျရတ်က “ ကျွန်တော့် နေရာနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ ထင်မြင်ချက်တွေကို ကျွန်တော် မထိန်းချုပ်နိုင်ပါဘူး။ အဲ့ဒီ့ထင်မြင်ချက်တွေကို ကျွန်တော် မကြိုဆိုသလို ဘာမှတ်ချက်မှ ပေးမှာမဟုတ်ဘူး ” လို့ ဂျရတ်က ဖြေကြားခဲ့တာပါ။

လီဗာပူးအသင်းကြီးကို ဂျရတ် စရောက်ချိန်မှာ လက်ထောက်နည်းပြ ဖြစ်ခဲ့တဲ့ သွန်ပဆင်ကတော့ ဂျရတ်ဟာ တနေ့မှာ အန်ဖီးကို ပြန်လာနိုင်တယ်လို့ ထင်မြင်နေပါတယ်။
ဒါ့အပြင် ဗီလာမှာ သူ့ရဲ့ လှုပ်ရှားမှုတွေဟာ လီဗာပူးအတွက် ကြီးမားတဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ ၎င်းက ယုံကြည်နေတာပါ။

“ သူက လီဗာပူးက နည်းပြနေရာနဲ့ လုံးဝအံဝင်ခွင်ကျ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ကလော့ပ်က မိန့်ဇ်နဲ့ ဒေါ့မွန်ကနေ ဒီအထိ ရောက်လာခဲ့တယ်။ စတီဗင်က ရိန်းဂျားစ်လို အသင်းကြီးတစ်သင်းကနေ ဗီလာကို ရောက်လာတယ်။ သူ လုပ်ခဲ့တဲ့ အပြောင်းအလဲတွေ၊ ကစားသမားသစ် ခေါ်ယူမှုတွေကို ခင်ဗျားတို့ မြင်နိုင်ပါတယ်။

ကော်တင်ညိုကို ခေါ်နိုင်ခဲ့တယ်ဆိုတာ ဂျရတ်ကြောင့်ပါပဲ။ ကစားသမားတွေက အမြဲတမ်း သူအတွက် လာကစားပေးချင်ပါလိမ့်မယ်။ ဒါက လီဗာပူးအတွက် ကြီးမားတဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်ပါလိမ့်မယ် ” လို့ သွန်ပဆင်က ပြောပါတယ်။

ဒါပေမယ့် ကလော့ပ်နေရာမှာ အစားထိုးဖို့ ဖြစ်နိုင်ခြေရှိတဲ့သူတွေထဲ ပက်လင်ဒါကိုလည်း ထည့်သွင်းသင့်တယ်လို့ သွန်ပဆင်က ယုံကြည်နေတာပါ။

သွန်ပဆင်က “ ကျွန်တော် ပက်လင်ဒါရဲ့ နာမည်ကိုလည်း နည်းပြလောင်းစာရင်းထဲ ထည့်ချင်ပါတယ်။ သူ့ကို ချန်လှပ်ထားလို့ မရပါဘူး။ စတီဗင် ရောက်လာမယ်ဆိုရင် ကျွန်တော်ပျော်မှာ မှန်ပေမယ့် ပက်လင်ဒါဆိုရင်လည်း သူက ယာဂန်ကလော့ပ်ရဲ့ ထောက်ခံမှုကို ရရှိလိမ့်မယ်။

ကျွန်တော်လည်း ထောက်ခံမှာပါ။ ဘာလို့ဆိုတော့ ပက်လင်ဒါက ကလောပ့်လိုမျိုး ရဲရဲတောက် စွမ်းရည်မျိုး ရှိပါတယ်။ သူက သိပ်ကိုတော်တဲ့ နည်းပြတစ်ယောက်ပါ။ ဒါကြောင့် ဖြစ်နိုင်ခြေတွေ ရှိနေပါတယ်။

ဒါပေမယ့် စတီဗင်က ထိခိုက်မှုမရှိပဲ ဒီလမ်းကြောင်းကို လျှောက်လာခဲ့တယ်။ သူ့ကိုယ်သူ စမ်းသပ်ဖို့ ရိန်းဂျားကနေ ဗီလာကို ရောက်လာတယ်။ ဘယ်အသင်းပဲဖြစ်ဖြစ် အမြဲတမ်း အရာအားလုံးက ချောမွေ့နေမှာမျိုး မဟုတ်တာကြောင့် သူ ဒီလမ်းကြောင်းကို လျှောက်နေတာလို့ ထင်ပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။